စနေနေ့မနက် ၆:၃၃ နာရီတွင် အိမ်အောက်ထပ်မှ ချီးမွမ်းသီချင်းသံလေး လွှင့်ပျံ လာသည်။ မည်သူမျှမနိုးသေးဟု ထင်မိသော်လည်း သမီးထွေး၏မသေမသပ် အသံလေးက ကျွန်တော့်အထင်မှားကြောင်းပြနေသည်။ အိပ်ယာမှနိုးကာစ ဖြစ်သော်လည်း သူမ၏နှုတ်ခမ်းထက်၌ သီဆိုစရာသီချင်းရှိပြီးသားဖြစ်သည်။

ကျွန်တော်၏သမီးထွေးသည် အဆိုတော်ဖြစ်သည်။ သီချင်းမဆိုဘဲ သူမနေနိုင်။ သူနိုးလာတိုင်း သီချင်းဆိုသည်။ ကျောင်းသွားတိုင်း၊ အိပ်ယာ ဝင်တိုင်း သီချင်းဆိုသည်။ သူ့နှလံုးသား၌ မွေးရာပါ ဆိုစရာသီချင်းများ ရှိသည်။ ထို့ပြင် သူဆိုသည့် သီချင်းများက အများအားဖြင့် သခင်ယေရှုကို မျက်မှောက် ပြုသည်။ ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို ဘုရားသခင်ကို သူချီးမွမ်းသည်။

ရိုးသားစွာ၊ ကိုးကွယ်သောစိတ်နှင့် စိတ်ပါဝင်စားစွာ ချီးမွမ်းသည့် သမီး၏ အသံကို ကျွန်တော်ချစ်သည်။ သူ့အလိုလို ဝမ်းမြောက်စွာချီးမွမ်းသည့် သီချင်းသံက သမ္မာကျမ်းတစ်အုပ်လံုး၌ တွေ့ရသည့် ဘုရားရှင်ကို ချီးမွမ်းရန် ဖိတ်ခေါ်ချက်ကို ထင်ဟပ်ပြနေသည်။ ဆာလံ ၉၅ တွင် “လာကြ၊ ထာဝရဘုရားအား ရွှင်လန်းစွာ သီချင်းဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာကျောက်ကို ကျူးဧကြကုန်အံ့” (:၁) ဟု ဆိုထားသည်။ ဆက်ဖတ်လျှင် ဤချီးမွမ်းခြင်းသည် “ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ်သောဘုရင်” (:၃) ဖြစ်ကြောင်းကို သိနားလည်ခြင်း၊ “ထာဝရဘုရားသည် ငါတို့၏ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ” (:၇) ဖြစ်ကြောင်းကို သိနားလည်ခြင်းမှ ထွက်ပေါ်လာသည်။

ထိုသမ္မာတရားသည် နံနက်ခင်းအချိန်၌ ကျွန်တော့်သမီး၏ ပထမဆံုးအတွေး ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဤပြပ်ဝပ်ကိုးကွယ်သူလေးသည် ကိုယ်တော့်အား ချီးမွမ်းခြင်းကြောင့် ဝမ်းမြောက်ခြင်းခံစားရကြောင်း ကျွန်ုပ်တို့ကို အလေးအနက် သတိပေးနေတော့သည်။ ADAM R. HOLZ