မိုဘိုင်းဖုန်း၊ ဝိုင်ဖိုင်၊ ဂျီပီအက်စ်၊ ဘလူးထုသ်၊ မိုက်ခရိုဝေ့ စသည်တို့ မရှိသည့်ဘဝမျိုးကို ကျွန်ုပ်စဉ်းစားမိသည်။ အမေရိကရှိ တိတ်ဆိတ်ငြိမ်သက်မှု အရှိဆံုးမြို့လေး အဖြစ် ထင်ရှားသည့် အနောက်ဗာဂျီးနီးယားရှိ ဂရင်းဘဲန့် မြို့လေး၏ လူမှုဘဝက ထိုသို့ဖြစ်သည်။ မြို့လေးက ကမ္ဘာအကြီးဆံုးရေဒီယိုတယ်လီစကုပ်ထိန်းချုပ်စခန်း Green Bank Observatory ၌တည်ရှိသည်။ အာကာသနက်နဲရာရှိ ကြယ်မှုန်နှင့် နဂါးငွေ့တန်းများ၏လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသည့် သဘာဝရေဒီယိုလှိုင်း များကို တယ်လီစကုပ်မှ ဖမ်းယူ နားထောင်နိုင်အောင် တိတ်ဆိတ်မှု လိုအပ်သည်။ တယ်လီစကုပ်၏ မျက်နှာပြင်ဧရိယာမှာ ဘောလံုးကွင်းတစ်ကွင်းထက် ကြီးမား ကျယ်ပြန့်ပြီး တယ်လီစကုပ်၏အထူးဖမ်းယူနိုင်စွမ်းကို နှောင့်ယှက်မည့် လျှပ်စစ် အဟန့်အတားကို ကာကွယ်ရန် တည်ထောင်ထားသည့် ဧရိယာမိုင်ပေါင်း ၁၃၀၀၀ ကျယ်ဝန်းသည့် National Radio တိတ်ဆိတ်မှုဇံု၏ အလယ်ဗဟိုတွင်ရှိသည်။

ဤသို့ ငြိမ်သက်တိတ်ဆိတ်အောင် ရည်ရွယ်ချက်နှင့်ဖန်တီးထားမှုက သိပ္ပံ ပညာရှင်များအတွက် အာကာသအလွှာမှတေးသံများကို ကြားရစေသည်။ ထို နည်းတူ စကြဝဠာတစ်ခွင်လံုးကို ဖန်ဆင်းသူ ဘုရားသခင်၏အသံကို ကြားရရန် ကျွန်ုပ်တို့လည်း မိမိကိုယ်ကို တိတ်ဆိတ်ငြိမ်ဝပ်စွာထားရှိရန်လိုသည်။ လမ်းပျောက် လမ်းလွှဲနေသူတို့အား ပရောဖက်ဟေရှာယအားဖြင့် ဘုရားသခင် ဆက်သွယ်ခဲ့ သည်။ “နူးညွတ်သောနားနှင့် ငါ့ထံသို့လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း သင်တို့နှင့်အတူ ထာဝရပဋိညာဉ်ပြု၍ ဒါဝိဒ်၌ မြဲမြံသောကျေးဇူးတော်ကို သင်တို့အား ပေးမည်” (ဟေရှာ ၅၅:၃)။ သူ့ကို ရှာပြီး ခွင့်လွှတ်ခြင်းအတွက် သူ့ထံလှည့်ပြန်လာသူတိုင်း သစ္စာတည်သော သူ၏မေတ္တာတော်ကို ခံစားရစေမည်ဟု ဘုရားရှင်ကတိပြုသည်။

အာရံုထွေပြားမှုမှ ဖယ်ခွာလျက် နှုတ်ကပတ်တော်ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော့်ထံလှည့်ပြန်ခြင်းသည် ဘုရားသခင်အား နားထောင်ခြင်းပင် ဖြစ်သည်။ ဘုရားရှင်သည် ဝေးသောအရပ်၌မရှိပါ။ သူ့အတွက်အချိန် ပေးပြီး၊ နေ့စဉ်အသက်တာနှင့် ထာဝရကာလအတွက် သူ့အား ဉီးစားပေး ပထမဖြစ်စေခြင်းကို ဘုရားရှင် အလိုရှိတောင့်တပေ၏။ JAMES BANKS