၂၀ ရာစုသို့ဝင်ရောက်လာချိန်တွင် “The London Times” မှ စာဖတ်သူများအား “ကမ္ဘာကြီးဘာမှားနေသလဲ”ဟူသည့် မေးခွန်းကို မေးခဲ့သည်။

သမားရိုးကျမေးခွန်းဖြစ်သော်လည်း “သင့်ကိုအဖြေပေးရန် အချိန်မည်မျှ ပေးမည်နည်း” ဟု တစ်ဦးဦးက တုံ့ပြန်လိမ့်မည်။ ထိုတုံ့ပြန်ချက်သည် တရားမျှတ ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာကြီးမှားနေသည့် အကြောင်းရင်းများစွာ ရှိသောကြောင့် အချိန်ယူ၍အဖြေပေးရပါမည်။ The Times မှတုံ့ပြန်ချက်များစွာကို လက်ခံရရှိသည့်အနက် တုံ့ပြန်ချက်တစ်ခုမှာ တိုတိုတုတ်တုတ်နှင့် ထူးခြား လေးနက်သည်။ တုံ့ပြန်သူမှာ အင်္ဂလိပ်စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ် ပညာရှင် ဂျီကေ ချက်စ်တာတန် ဖြစ်ပြီး တုံ့ပြန်ထားသောသူ၏စာမှာ “ဆရာ၊ အမှားက ကျွန်တော်ဖြစ်ပါသည်” ဟူ၍ဖြစ်သည်။

ထိုအကြောင်းအရာသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ငြင်းခုံစရာ အချက်တစ်ခုဖြစ်လာသည်။ ထိုတုံ့ပြန်မှုက ဘာမျှမဟုတ်သော်လည်း မှန်ကန်မှု ရှိသည်။ ချက်စ်တာတန် မတိုင်မီကပင် ရှင်ပေါလု အမည်ရှိသည့် တမန်တော်ကြီးတစ်ဦးရှိခဲ့သည်။ တစ်သက်တာစံပြ ပုံသက်သေအဖြစ် ဦးထိပ်ထားခံရသူ ရှင်ပေါလုက “ငါသည်ကဲ့ရဲ့သောသူ၊ ညှင်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့ဘူးသည်” ဟု သူ၏အတိတ်မှအားနည်းချက်များကို ဖော်ထုတ် ဝန်ခံသည် (:၁၃)။ အပြစ်သားများကို ကယ်တင်ရန် ‌ယေရှုကြွလာသည်ဟု ဖော်ပြပြီးနောက် သူသည် ချက်စ်တာတန်ကဲ့သို့ “အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံး ဖြစ်၏” (:၁၅)ဟု ဖော်ပြခဲ့သည်။ ရှင်ပေါလုက ကမ္ဘာကြီး၌ ဘာမှားနေကြောင်း သူအသေအချာသိသည်။ ထို့ပြင် အရာရာကို အမှန်တရားသို့ ပြန်လည် တည့်မတ်ရန် တစ်ခုတည်းသောမျှော်လင့်ချက်မှာ “သခင်ဘုရား၏ကျေးဇူးတော်” (:၁၄)ပင် ဖြစ်ကြောင်းကိုလည်း သူသိသည်။ အံ့ဖွယ်အမှန်တရားပါတကား။ အဓွန့်ရှည်တည်မြဲသော ဤအမှန်တရားသည် ကျွန်ုပ်တို့အား ခရစ်တော်၏ ကယ်တင်ခြင်း မေတ္တာအလင်းကို မြင်စေတော်မူသည်။ JOHN BLASE