ကိုလိုရာဒို ဘုရားကျောင်းအနီးရှိ ဝင်ငွေနည်းရပ်ကွက်ကိုဖြတ်၍ ကားမောင်းသွားစဉ် သင်းအုပ် ချတ်ဒ် ဂရေဟမ်သည် သူနှင့်စပ်ဆိုင်သူများ အတွက် ဆုတောင်းပေးသည်။ထိုနောက် အများသုံးအဝတ်လျှော်ဆိုင်ကိုတွေ့ပြီး ဆင်းကြည့်ရာ အသုံးပြုသူများပြည့်လျက်ရှိသည်ကို တွေ့ရသည်။ လူတစ်ယောက်က အဝတ် အခြောက်ခံစက် သုံးလိုသဖြင့် ဂရေဟမ် ထံမှ ငွေအကြွေတောင်းခဲ့သည်။ ၎င်းသည် ဂရေဟမ်၏ စိတ်ကို ထိတွေ့ခဲ့ပြီး အသင်းတော်၏ “အဝတ်လျှော်သောနေ့” အစီအစဥ်လေး ဖြစ်လာသည်။ အဝတ်လျှော်စက်၌သုံးမည့် ငွေအကြွေနှင့် ဆပ်ပြာကိုအသင်းတော်မှ အသင်းသားများက အပတ်စဥ် ထောက်ပံ့ပေးပြီး အဝတ်လာလျှော် သူများနှင့်အတူဆုတောင်းသည်။ စက်ပိုင်ရှင်ကိုလည်း လိုအပ်သောစက်ပစ္စည်းများ ပံ့ပိုးပေးသည်။

အသင်းတော်၏ ကိုယ်နှင့်စပ်ဆိုင်သူများသို့ဧဝံဂေလိပြုခြင်းတွင် ‘အဝတ် လျှော်သောနေ့’ အစီအစဥ်ပါဝင်လာခြင်းက သခင်‌ယေရှု၏ မဟာစေစားချက်ကို ထင်ဟပ်ပြသည်။ “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” ဟု သခင်မိန့်ကြားသည် (မ ၂၈:၁၈-၁၉)။

သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးသည် အဝတ်လျှော်ဆိုင်အပါအဝင် “နေရာတိုင်း”၌ တည်ရှိသည်။ အမှန်ပင် ကျွန်ုပ်တို့တစ်ဦးတည်းသွားရသည် မဟုတ်။ သခင်ခရစ်တော်က “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိမည်” (:၂၀) ဟု ကတိတော်ပေးခဲ့သည်။

သင်းအုပ်ဆရာချတ်ဒ်သည် အဝတ်လျှော်ဆိုင်တွင် အဝတ်လာလျှော်သူ ကင်ဆာရောဂါသည် ဂျက်ဖ်အတွက် ဆုတောင်းပေးပြီးနောက် အထက်ပါ သမ္မာတရားကို ခံစားနားလည်ခဲ့ရသည်။ “ဆုတောင်းပေးပြီးလို့ မျက်စိဖွင့် လိုက်တဲ့အခါ အဝတ်လာလျှော်သူတိုင်းက ဂျက်ဖ် ဘက်ကို လက်ဆန့်ပြီး အတူ ဆုတောင်းကြတာတွေ့ရတယ်။ အဲဒါဟာ သင်းအုပ်တစ်ဘဝလုံးမှာ ခံစားရတဲ့ အမွန်မြတ်ဆုံးသော အချိန်လေးပါပဲ” ဟုဆရာက ပြန်ပြောပြခဲ့သည်။

သင်ခန်းစာ-နေရာအနှံ့သို့သွားပြီး သခင်ခရစ်တော်အကြောင်းပြောကြား ကြစို့။ PATRICIA RAYBON