ကျွန်မတို့၏ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အဖြစ် လာပလာယာ ကမ်းခြေသို့ ခရီးထွက်ခဲ့ရာ ကမ်းခြေ၌ ကျွန်မတို့ဇနီးမောင်နှံ ကျမ်းစာဖတ်နေခိုက် ဈေးသည် များက ပစ္စည်းဈေးနှုန်းများကို အော်လျက် ဖြတ်သွားကြသည်။ ၎င်းတို့ အယောက်စီတိုင်းကို ကျေးဇူးတင်သော်လည်း၊ ကျွန်မတို့ဘာမျှမဝယ်ခဲ့ကြပါ။ ဖာနန်ဒိုဆိုသော ဈေးသည်က ပြုံးလျက်၊ မိတ်ဆွေများအတွက် လက်ဆောင်ဝယ်သွားရန် တိုက်တွန်း သည်။ ကျွန်မ မဝယ်သဖြင့် သူ့ပစ္စည်းများထုပ်ပိုးပြီးပြုံးလျက် ထွက်သွားစဥ် “မင်းရဲ့တစ်နေ့တာကို ဘုရားသခင် ကောင်းချီးပေးပါစေ”ဟု သူ့ကို ပြောလိုက်သည်။

ဖာနန်ဒိုသည် လှည့်ပြန်လာပြီး “ကိုယ်တော်ကောင်းချီးပေးပါတယ်။ ယေရှုက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တယ်”ဟုဆိုကာ ကျွန်မတို့၏ ခုံနှစ်ခုံကြားတွင် ဒူးထောက်လျက် “ဒီနေရာမှာ ကိုယ်တော်ရှိတယ်လို့ ကျွန်တော် ခံစားမိတယ်” ဟု ပြောသည်။ ထို့နောက် ဘုရားသခင်သည် လွန်ခဲ့သည့် ၁၄ နှစ် ကျော်က သူ့အား မူးယစ်ဆေးဝါးနှင့် အရက်ကျေးကျွန်ဘဝမှ ကယ်တင်ခဲ့ပုံကို ပြောပြသည်။

သူသည် ဆာလံကျမ်းတစ်ခန်းကိုရွတ်ဆိုပြပြီး၊ ကျွန်မတို့အတွက် ဆုတောင်းပေးသည့်အတွက် ကျွန်မမျက်ရည်များ စီးကျခဲ့သည်။ ကျွန်မတို့ ဘုရားသခင်ကို အတူတကွချီးမွမ်းလျက်၊ လာပလေယာကမ်းခြေတွင် ကိုယ်တော်၏တည်ရှိခြင်းကို ခံစားဝမ်းမြောက်ခဲ့ကြသည်။

ဆာလံ ၁၄၈ သည် ချီးမွမ်းခြင်းဆုတောင်းပတ္ထနာတစ်ခုဖြစ်သည်။ အမိန့်တော်ဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းအတွက်(:၅)၊ “နာမတော် တစ်ပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့်ကောင်းကင်ပေါ် ထက်၌ရှိသောကြောင့် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ”(:၁၃)ဟု ဆာလံဆရာက သတ္တဝါအားလုံးကို တိုက်တွန်းထားသည်။

ကျွန်မတို့၏လိုအပ်ချက်များကို သူ့ထံယူဆောင်လာရန်နှင့် ကိုယ်တော်သည် ကျွန်မတို့အား ကြားလျက် ဂရုပြုကြောင်း ယုံကြည်ရန် ဖိတ်ခေါ်သည်။ ထို့ပြင် ကိုယ်တော်သည် ကမ်းခြေ၌သာမက မိမိတို့ရှိသည့်နေရာ၌၊ ကျေးဇူးတော်ချီးမွမ်းလျက်ဆုတောင်းခြင်းများကိုလည်း နှစ်သက်တော်မူသည်။ XOCHITL DIXON