ကြားရသည့်သတင်းကြောင့် တုန်လှုပ်မိခဲ့သည်။ ဆီးကျိတ်ကင်ဆာမှ သက်သာ ပျောက်ကင်းခဲ့ပြီး၊ ယခု အဖေသည် သရက်ရွက်ကင်ဆာကို ခံစားခဲ့ရပြန်သည်။ အခြေအနေများရှုပ်ကုန်ပြီ။ အဖေသည် နာတာရှည်ဖျားနာနေသည့် အမေ့ကို အချိန်ပြည့်ကြည့်ရှုစောင့်ရှောက်ပေးနေသူ ဖြစ်သည်။ မိဘနှစ်ဦးစလုံး ဂရုစိုက်မှု လိုအပ်လျက်ရှိပြီး၊ ရှေ့လာမည့်နေ့ရက်များကား အခက်ကြုံစရာဖြစ်သည်။

သူတို့နှင့်အတူရှိရန် လေယာဉ်ဖြင့် အိမ်ပြန်လာခဲ့ပြီးနောက်၊ တစ်ခုသော တနင်္ဂနွေနေ့တွင် မိဘများ၏အသင်းတော်သို့ တက်ရောက်ခဲ့သည်။ ဟဲမတ် ဆိုသူ သည် ကျွန်ုပ်ထံ‌‌ရောက်လာပြီး သူကူညီပေးလိုကြောင်း ပြောပြီး နှစ်ရက် အကြာတွင် စာရင်းစာရွက်တစ်ရွက်ဖြင့် သူအိမ်သို့ရောက်လာသည်။ “ဓာတ်ရောင်ခြည်ကုထုံး စတင်ရင် အစာစားဖို့ လိုလိမ့်မယ်။” “ချက်ပြုတ်ပေးမဲ့သူစာရင်းကို ကျွန်တော် စီစဉ်ပေးမယ်။ မြက်ရိတ်ဖို့ကော၊ ဒါတော့ ကျွန်တော် လုပ်နိုင်ပါတယ်။ အမှိုက်တွေကို ဘယ်နေ့လာသိမ်းလဲ” စသည်ဖြင့် စီမံသည်။ ဟဲမတ်သည် ကုန်တင်ယာဉ်မောင်းဘဝမှ အနားယူခဲ့သူဖြစ်သော်လည်း ကျွန်ုပ်တို့အတွက် ကောင်းကင်တမန် ဖြစ်ပါသည်။ အခြားသူများ၊ တစ်ကိုယ်တည်း မိခင်များ၊ အိမ်ခြေယာမဲ့၊ သက်ကြီးရွယ်အို စသည်တို့ကို မကြာခဏ သူကူညီခဲ့ကြောင်း ကျွန်ုပ်တို့ သိခဲ့ရသည်။

ခရစ်တော်၌ ယုံကြည်သူများသည် အခြားသူများကို ကူညီရန် စေစားခံခဲ့ရပြီး (လု ၁၀:၂၅-၃၇)၊ အချို့တို့၌ ထိုသို့လုပ်ဆောင်ရန် အထူးဆုကျေးဇူးရှိသည်။ ရှင်ပေါလုက ၎င်းကို “မစသနားခြင်းဆုကျေးဇူး”ဟုခေါ်သည် (ရော ၁၂:၈)။ ထိုဆုကျေးဇူးရှိသူများသည် လိုအပ်သူများကို ရှာဖွေကာ လက်တွေ့မစသည်။ ပင်ပန်းသည်ဟုမခံစားရဘဲ အစေခံနိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်မှုဖြင့် သူတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာရှိ လက်များဖြစ်ပြီး၊ ကျွန်ုပ်တို့၏ ဒဏ်ရာကို တို့ထိရန် ကမ်းလှမ်းလျက်ရှိသည် (:၄-၅)။

မကြာမီက အဖေ ပထမဆုံးဓာတ်ရောင်ခြည်ကုသမှုကို ခံယူခဲ့ပြီး ဟဲမတ်သည် သူ့ကိုဆေးရုံသို့ ကားမောင်းပို့ပေးခဲ့သည်။ ထိုညတွင် မိဘများ၏ ရေခဲသေတ္တာထဲ၌ အစားအစာများ အပြည့်ရှိနေခဲ့သည်။ ၎င်းသည် ကုန်တင်ယာဉ်မောင်းတစ်ဦး၏လက်များအားဖြင့် ခံစားရသည့်ဘုရားရှင်၏ကရုဏာတော်ပင်။ SHERIDAN VOYSEY