အချို့က သူ့ကို “သစ်ပင်များကို အားပေးနှစ်သိမ့်သူ” (tree whisperer) ဟု ခေါ်ကြသည်။ စင်စစ် တိုနီရီနောဒို(Tony Rinaudo)သည် ဝေါဗွီးရှင်း-သြစတြေးလျ မှ သစ်တောစိုက်ပျိုးသူဖြစ်သည်။ သူသည် ဆာဟာရကန္တာရ တောင်ပိုင်း၊ အာဖရိက ဆာဟဲနယ်တစ်လျှောက် သစ်တောပြုန်းတီးခြင်းကိုကာကွယ်ပြီး ပြန်လည် စိမ်းလန်းစိုပြေရန် နှစ်ပေါင်း ၃၀ ကြိုးစားအားထုတ်ခြင်းအားဖြင့် ခရစ်တော်အကြောင်း ဝေငှခဲ့သော သာသနာပြုနှင့် စိုက်ပျိုးရေးပညာရှင်ဖြစ်သည်။

သေးညှက်နေသော “အပင်ပုများ” သည် အမှန်တွင် ကြီးထွားမှုတန့်နေသော သစ်ပင်များဖြစ်ကြောင်း သူသိသဖြင့် အကိုင်းချိုင်၊ ပြုစုလျက် ရေလောင်းပေး ခဲ့သည်။ သူ့လုပ်ဆောင်ချက်က ထောင်ပေါင်းများစွာသောလယ်သမားများ အတွက် လှုံ့ဆော်မှုဖြစ်ခဲ့ပြီး သူတို့သည် အနီးအနားရှိ သစ်တောများကို ထိန်းသိမ်းခြင်း၊ မြေဆီလွှာပြုန်းတီးမှုကို ပြုပြင်ခြင်းအားဖြင့် စိုက်ပျိုးမရသည့် သူတို့၏လယ်ယာမြေများ ပြန်ကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဥပမာ – နိုင်ဂါရှိလယ်သမားများသည် သီးနှံနှစ်ဆထွက်ရှိပြီး ဝင်ငွေနှစ်ဆရသဖြင့် တစ်နှစ်လျှင် အရန် လူ ၂.၅ သန်းအတွက် အစားအသောက်များ ပံ့ပိုးနိုင်ခဲ့သည်။

ယော ၁၅ ၌ စိုက်ပျိုးရေးကိုစီမံဖန်ဆင်းသူ သခင်ယေရှုက “ငါသည်မှန်သော စပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည် ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ငါ၌အသီး မသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏”(:၁-၂) ဟု မိန့်တော်မူရာတွင် အလားတူ စိုက်ပျိုးရေးနည်းပညာကို ရည်ညွှန်းခဲ့သည်။

ဘုရားသခင်၏နေ့စဉ်ပြုစုစောင့်ရှောက်မှုမရှိလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးသည်မြုံ၍ခြောက်သွေ့သွားမည်။ သို့သော် ကိုယ်တော်၏နည်းဥပဒေသ၌မွေ့လျော်၍ နေ့ညမပြတ်အောက်မေ့လျှင် ကျွန်ုပ်တို့သည် “မြစ်နားမှာစိုက်သော…အပင်နှင့်တူပြီး”(ဆာ ၁:၃)၊ အရွက် “မညှိုးနွမ်း၊…ပြုလေသမျှတို့၌ အောင်”လိမ့်မည် (:၃)။ ကိုယ်တော်၌ စိုက်ပျိုးပြီး အကိုင်းချိုင်ခံရသော ကျွန်ုပ်တို့သည် အမြဲစိမ်းလန်းပြီး ပြန်လည်လန်းဆန်းကာ ကြီးထွားရှင်သန်မည်ဖြစ်သည်။ Patricia Raybon