ရာမက်ချ်သည် အခြားသူများအား သခင်ယေရှုအကြောင်းပြောရခြင်းကို နှစ်သက် သည်။ သူ့လုပ်ဖော်ဆောင်ဖက်များအား ရဲရင့်စွာပြောပြသည်။ တစ်လ တစ်ကြိမ် စနေ၊ တနင်္ဂနွေပိတ်ရက်တိုင်း သူ့ရွာသို့ပြန်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ဧဝံဂေလိတရားဟောပြောသည်။ အထူးသဖြင့် အနားယူရန်အချိန်ယူခြင်း၏ တန်ဖိုးကို သူသိသွားသည့်အတွက် သူ့စိတ်အားထက်သန်မှုက ကူးစက်သွားသည်။

ယခင်က စနေတနင်္ဂနွေညနေပိုင်းအချိန်ကို ဧဝံဂေလိပြောကြားရန် ရာမက်ချ် အသုံးပြုသည်။ သူအပြင်သွားသည့်အခါ သူ့ဇနီးနှင့်ကလေးများက သူ့ကိုအောက်မေ့ပြီး သူတို့အနီးအပါး၌ရှိချိန်ဆိုလျှင် ရာမက်ချ် မောပန်းနေသည်ကိုသာ တွေ့ကြရသည်။ အချိန်တိုင်း၊ စကားတိုင်းအကျိုးရှိအောင်လုပ်ရန် သူလိုလားခဲ့သည်။ ပေါ့ပေါ့ပါးပါးဂိမ်းကစားခြင်းနှင့် စကားစမြည်ပြောခြင်းကို သူ မကြည်နူးနိုင်။ ရာမက်ချ် ခမျာ အကြပ်ရိုက်နေခဲ့သည်။

သူ့ဇနီး၏ရိုးသားပွင့်လင်းသောအပြော၊ မိတ်ဆွေများ၏အကြံပေးမှုနှင့် သိပ်မထင်ရှားသော ကျမ်းပိုဒ်အချို့ကြောင့် သူ၏ဟန်ချက်မညီဖြစ်ခြင်းမှ လန့်နိုး လာခဲ့သည်။ သုတ္တံ ၃၀ ၌ ပုရွက်ဆိတ်၊ ရှာဖန်ယုန်နှင့် ကျိုင်းကောင်စ‌သော အရေးမပါသည့်သတ္တဝါများအကြောင်း ပြောထားသည်။ အိမ်မြှောင်ကို လက်ဖြင့်ဖမ်းနိုင်သော်လည်း ၎င်းသည် “နန်းတော်၌ပင်နေတတ်”ခြင်းက (:၂၈) အံ့ဖွယ်ပင်။

ဘာမျှမထူးခြားသည့်သတ္တဝါများအကြောင်း ကျမ်းစာထဲ အဘယ်ကြောင့် ရေးထားရသနည်းဟု ရာမက်ချ် တွေးမိသည်။ အိမ်မြှောင်ကို လေ့လာရန် ဆိတ်ငြိမ် သည့်အချိန်လိုအပ်ပါသည်။ နန်းတော်ထဲ လှစ်ခနဲ လှစ်ခနဲ သွားနေသည့်အိမ်မြှောင် ကို လူတစ်ဦးက တွေ့လိုက်ရ၍ စိတ်ဝင်စားဖွယ်ဟုတွေးပြီး အချိန်ခဏယူကာ လိုက်ကြည့်သည်။ အလုပ်လုပ်ခြင်းနှင့် အနားယူခြင်းကို ညီမျှမျှတစွာထားရှိရေး ကျွန်ုပ်တို့ကို သတိပေးရန် ဘုရားသခင်က ၎င်းကို ကျမ်းစာထဲရေးသားထားခြင်း ဖြစ်နိုင်သည်။ အိမ်မြှောင်အကြောင်း စိတ်ကူးတွေးကြည့်ရန်၊ ကလေးများနှင့်အတူ ၎င်းကိုလိုက်ဖမ်းရန်၊ မိသားစု၊ မိတ်ဆွေများနှင့် ရိုးစင်းစွာအနားယူရန် အချိန် လိုပါမည်။ ကျွန်ုပ်တို့ အလုပ်လုပ်ရမည့်အချိန်၊ အစေခံရမည့်အချိန်၊ အနားယူရမည့် အချိန်ကို သိသောဉာဏ်အား ဘုရားရှင်ပေးသနားပါစေသော။ Mike Wittmer