ကျွန်မတို့အိမ်ဝယ်ချိန်၌ အခြေခိုင်ပြီဖြစ်သောစပျစ်ခြံကို အမွေရရှိခဲ့သည်။ အပင် ချိုင်ပုံ၊ ရေလောင်းပုံ၊ ပြုစုပျိုးထောင်ပုံတို့ကိုသိရှိရန် စိုက်ပျိုးရေးလက်သင်များ အနေနှင့် ကျွန်မတို့မိသားစု အချိန်အတော်လေးမြှုပ်နှံခဲ့ရသည်။ အသီးဆွတ်ချိန်၌ စပျစ်သီးတစ်လုံးခူးပြီး ပါးစပ်ထဲထည့်လိုက်ရာ ချဉ်လွန်းလှ၍ စိတ်ပျက်သွားရသည်။

အပင်ပန်းခံ လုပ်ဆောင်ခဲ့လေသမျှ စပျစ်ခင်း၏ခါးသီးသောရလဒ်ကြောင့် ကျွန်မ၏စိတ်ပျက်မှုက ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅ မှ စကားသံကို ပဲ့တင်ထပ်နေသည်။ ထိုကျမ်း၌ ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်၏ ဆက်ဆံရေးကိုဖော်ကျူးထားသည်။ ဘုရားသခင်အား မြေကိုရှင်းလင်း၊ စပျစ် မျိုးကောင်းကိုစိုက်၊ တောကောင်မဖျက်ဆီးအောင် လင့်စင်ထိုးပြီး စောင့်ရှောက်ကာ အသီးဆွတ်ချိန်၌ ထွက်ရှိမည့်ရလဒ်အတွက် အသေအချာပြင်ဆင်ထားသည့် လယ်သမားအဖြစ်တင်စားသည်(၅:၁-၂)။ သို့သော် ဣသရေလလူကို ပုံဆောင် သော စပျစ်ခင်းမှ တစ်ကိုယ်ကောင်းဆန်မှု၊ မတရားမှု၊ ဖိနှိပ်ညှဉ်းဆဲမှုစသည့် လယ်သမား အတွက် စိတ်ပျက်စရာချဉ်သီးများသာ ထွက်ရှိသည်(:၇)။ နောက်ဆုံး၌ တစ်ချိန်တွင် ကောင်းသောအသီးဆွတ်ခူးရရန် မျှော်လင့်ချက်ဖြင့် ဘုရားရှင်သည် အကြွင်းအကျန်အချို့ကို ချန်ပြီး စပျစ်ခင်းကို မဖျက်ချင်ဘဲ ဖျက်ဆီးခဲ့ရသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ သခင်ယေရှုသည် စပျစ်ဥယျာဉ်အကြောင်း ပြန်ပြောင်းသရုပ်ဖော်ကာ “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသောအသီးကို သီးတတ်၏” (ယော ၁၅:၅) ဟု ပြောထား၏။ ဤတင်စားချက်၌ သူ့အားယုံကြည်သူများကို ပင်မစပျစ်ပင်ဖြစ်သော သူ၌ တည်နေသည့် စပျစ်ခက်များအဖြစ် သခင်ယေရှုပုံဖော်ထားသည်။ ယခုတွင် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ဝိညာဉ်တော်အပေါ်အမှီပြုကာ သခင်ယေရှု၌ တည်နေပါက မေတ္တာတည်းဟူသော အသီးချိုချိုထွက်ရှိစေမည့် ဝိညာဉ်အာဟာရ ကို တိုက်ရိုက် ခံယူရရှိမည်ဖြစ်သည်။ Lisa M. Samra