မူးယစ်ဆေး၊ လိင်မှုရမ္မက်အပြစ်များနှင့် ရုန်းကန်နေရသူ မက်ခ် တစ်‌ယောက် မျှော်လင့်ချက်မဲ့နေသည်။ သူတန်ဖိုးထားသည့် ဆက်ဆံရေးများမှာလည်း ဖရိုဖရဲဖြစ်နေပြီး သူ့သြတပ္ပစိတ်မှာ သူ့ကိုမညှာမတာပြစ်တင်နေသည်။ ဒုက္ခနွံထဲနစ်မွန်းနေစဉ် ကြိုတင်အသိမပေးဘဲ သင်းအုပ်ဆရာနှင့်စကားပြောခွင့်တောင်းခဲ့သည်။ သူ၏ရှုပ်ထွေးပွေလီလှသည့်ဇာတ်ကြောင်းကို ပြောပြခွင့်ရပြီး ဘုရားသခင်၏ ကရုဏာနှင့်ခွင့်လွှတ်ခြင်းကိုကြားရ၍ သူစိတ်သက်သာရာရခဲ့သည်။

ဒါဝိဒ်သည် ဆာလံ ၃၂ ကို လိင်ကိစ္စဖောက်ပြန်မှုနောက်ပိုင်းတွင် ရေးစပ်ခဲ့သည်ဟု ယူဆကြသည်။ သူပြစ်မှားသည့်အမျိုးသမီး၏ခင်ပွန်း အသက်ဆုံးပါးသွားရသည့် ရက်စက်သည့်ဗျူဟာက သူ၏အပြစ်ကို ပို၍ဆိုးဝါးစေခဲ့သည် (၂ ရာ ၁၁-၁၂)။ ဤအကျည်းတန်လှသည့်အဖြစ်အပျက်ကို သူ့နောက်ချန်ထားခဲ့သော်လည်း သူ့လုပ်ရပ်၏သက်ရောက်မှုက ရှိနေဆဲဖြစ်သည်။ အကျည်းတန်သော သူ့လုပ်ရပ်ကို သူဝန်မခံမီ၊ သူကြုံခဲ့ရသည့် ပြင်းထန်သည့်ရုန်းကန်ရမှုကို ဆာလံ ၃၂:၃-၄ က ဖော်ပြထားသည်။ အပြစ်မဝန်ချခြင်းကြောင့် သောကရောက်ရသည့် အကျိုးဆက်ကို သူရှောင်လွဲ၍မရပေ။ သို့သော် မည်သည်က သက်သာခြင်းကို ယူဆောင်ပေးသနည်း။ ဘုရားသခင်ထံ အပြစ်ဝန်ချပြီး အရှင်ပေးသနားသည့် ခွင့်လွှတ်ခြင်းကို လက်ခံရယူခြင်းက သက်သာရာကို စတင်ရရှိစေပါသည် (:၅)။

မိမိကိုယ်နှင့် အခြားသူများကို ထိခိုက်နာကျင်စေမည့် စကားပြောမိပါက (သို့) လုပ်ရပ်လုပ်မိပါက ဘုရားရှင်၏ကရုဏာတော်ရှိရာအရပ်သည် ကျွန်ုပ်တို့ပြန်လည်အစပြုရန် ကောင်းမွန်သည့်နေရာပင်ဖြစ်သည်။ အပြစ်မကင်းသည့်စိတ်ဖြင့် တစ်သက်လုံး ဘဝရှင်သန်သွားရန် မဟုတ်ပါ။ မိမိ၏အပြစ်ကို ဝန်ချတောင်းပန်ပြီး ခွင့်လွှတ်ခြင်းကိုရှာပါက လက်တော်ကိုကျယ်စွာဖွင့်လျက် ကျွန်ုပ်တို့ကို ကမ်းလင့်နေသူတစ်ဦးရှိပါသည်။ “အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏” ဟု (:၁) ချီးမွမ်းသီဆိုသူများနှင့်ကျွန်ုပ်တို့အတူ ကျူးဧနိုင်ပါသည်။ Arthur Jackson