ဝေါလ်တာဒစ်ဆင်သည် ကိုရီးယားစစ်ပွဲသို့ မထွက်ခွာရမီ ပျားရည်ဆမ်းခရီး ထွက်ရန် ခွင့် ၅ ရက်ရခဲ့သည်။ တစ်နှစ်ပင် မပြည့်ပါ။ အင်္ကျီအိတ်ကပ်တွင် သူ့ဇနီး၏စာများထိုးထည့်ထားသည့် ဒစ်ဆင်၏ဂျက်ကက်အင်္ကျီကို စစ်မြေပြင်၌ သူ့တပ်ဖွဲ့မှရှာတွေ့ခဲ့သည်။ သို့နှင့် စစ်ဘက်ဆိုင်ရာအရာရှိများက တိုက်ပွဲ၌ ဒစ်ဆင် ကျဆုံးသွားပြီးဟု ငယ်ရွယ်သောဇနီးသည်ကို အကြောင်းကြားခဲ့သည်။ အမှန်မှာ ဒစ်ဆင်သည် စစ်သုံ့ပန်းအဖြစ် ၂ နှစ်ခွဲကြာ ဆက်လက်အသက်ရှင်နေပြီး အိမ်ပြန်နိုင်အောင် ထောင်ဖောက်ပြေးရန် ကြံစည်ခဲ့သည်။ ၅ ကြိမ်တိုင် ထွက်ပြေး ခဲ့ပြီး ပြန်အဖမ်းခံရသည်ချည်းသာဖြစ်သည်။ နောက်ဆုံး သူလွတ်လာချိန်တွင် သူ့အိမ်အပြန်က မည်မျှတုန်လှုပ်အံ့သြဖွယ်ဖြစ်မည်ကို သင်မြင်ယောင်ကြည့်နိုင်ပါသည်။

ဖမ်းဆီးခံရပြီး တိုင်းတစ်ပါးသို့ ခေါ်ဆောင်ခံရခြင်း၊ အိမ်ကို လွမ်းဆွတ်ရခြင်း ခံစားချက်ကို ဘုရားသခင်၏လူမျိုးတော်တို့ ကောင်းကောင်းသိသည်။ ဘုရားကို မနာခံခြင်းကြောင့် သူတို့တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည်။ ဇာတိမြေ သို့ ပြန်ချင်သည့်ဆန္ဒဖြင့် မနက်တိုင်းနိုးထခဲ့သော်လည်း သူတို့ မလွတ်မြောက်နိုင်ပါ။ ဘုရားရှင်သည် သူတို့ကိုမမေ့ဟူသည့် ကတိစကားအတွက်ပင် ကျေးဇူးတင်ရမည်။ “သူတို့ကို သနားစုံမက်သောကြောင့် နေရာချမည်” (ဇာ ၁၀:၆)။ ဇာတိမြေမှအိမ်ကို လွမ်းဆွတ်လျက် နာကျင်ခံစားနေရသူတို့အား သူတို့၏ ဇွဲနှင့်သည်းခံနိုင်မှုကြောင့် မဟုတ်ဘဲ၊ သူ၏သနားခြင်းကရုဏာကြောင့် သူတို့ အလိုကို ပြည့်စုံစေမည်။ “သူတို့ကို ငါနိုးဆော်၍ စုဝေးစေမည်။…အသက်ရှင်လျက် ပြန်လာကြလိမ့်မည်”(:၈-၉)ဟု ဘုရားရှင်မိန့်ကြားသည်။

ဆိုးဝါးသောရွေးချယ်မှုကြောင့် (သို့) မိမိမထိန်းချုပ်နိုင်သည့်ခက်ခဲမှုကြောင့် ချုပ်နှောင်ခံရသကဲ့သို့ ကျွန်ုပ်တို့ခံစားရမည်။ မည်သို့ပင်ဖြစ်ဖြစ် ဘုရားသခင် ကျွန်ုပ်တို့ကို မမေ့လျော့ပါ။ ကျွန်ုပ်တို့၏ဆန္ဒကို ကိုယ်တော်သိပြီး ကျွန်ုပ်တို့ကို ခေါ်တော်မူမည်။ ကျွန်ုပ်တို့ဘက်မှ တုံ့ပြန်လျက် ကိုယ်တော့်ထံ ပြန်လှည့်လျှင် အိမ်အပြန်လမ်းသို့ ဉီးတည်နေကြောင်း တွေ့ရှိရပေမည်။ WINN COLLIER