သူနှင့်ရွယ်တူလုပ်ဖော်ကိုင်ဖက်များ တစ်ယောက်ပြီးတစ်ယောက် ရာထူးတိုးသွား ချိန်တွင် ဘင်ဂျမင်တစ်ယောက် နည်းနည်းမနာလိုဖြစ်ခဲ့ပါသည်။ “မင်းဘာလို့ ခုထိ မန်နေဂျာမဖြစ်သေးတာလဲ၊ မင်းဖြစ်သင့်ပြီ”ဟု သူငယ်ချင်းများကလည်း ပြောကြသည်။ သို့သော် သူ့အလုပ်အကိုင်နှင့်စပ်လျဉ်း၍ ဘုရားသခင်လက်ထဲ အပ်နှံရန် သူဆုံးဖြတ်ခဲ့သည်။ “ဒါဟာ ငါ့အတွက် ဘုရားသခင်ရဲ့ အကြံအစည် ဆိုရင် ငါ့အလုပ်ကို ငါကောင်းကောင်းလုပ်ရမယ်” ဟု သူပြန်တုံ့ပြန်ခဲ့သည်။

နှစ်အတန်ကြာမှ ဘင်တစ်ယောက် ရာထူးတိုးခဲ့ပါပြီ။ သူ၏အတွေ့အကြုံက သူ့အလုပ်ကို ယံုကြည်စိတ်ချမှုဖြင့် လုပ်ဆောင်နိုင်အောင်မစလျက် လက်အောက် ငယ်သားများ၏လေးစားမှုကိုပါ ရရှိခဲ့သည်။ အဆင်သင့်မဖြစ်သေးချိန်၌ ရာထူးတိုး ခဲ့သူအချို့မှာမူ ကြီးကြပ် စီမံမှုတာဝန်များနှင့် ရုန်းကန်လုံးပမ်းရလျက်ရှိပါသေးသည်။ သူထမ်းဆောင်ရမည့်ကဏ္ဍအတွက် သာ၍ကောင်းမွန်ထူးချွန်စွာ ပြင်ဆင်ရန် ဘုရားသခင်သည် သူ့ကို ‘ခရီးရှည်’သွားစေခဲ့ကြောင်း ဘင် သိနားလည်ခဲ့သည်။

ဣသရေလလူတို့အား အဲဂုတ္တုပြည်မှထုတ်ဆောင်စဉ်(ထွက် ၁၃:၁၇-၁၈) ခါနန်ပြည်သို့ အမြန်ရောက်မည့်ဖြတ်လမ်းမှာ အန္တရာယ်လွှမ်းသောလမ်းဖြစ် သဖြင့် ဘုရားသခင်က ခရီးရှည်ကို ရွေးချယ်ခဲ့သည်။ ဣသရေလလူတို့သည် နောက်ပိုင်း၌ ရင်ဆိုင်ကြံုတွေ့ရမည့် တိုက်ပွဲများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်း ခိုင်ခံ့အားရှိအောင် သူ့တို့ကိုယ်ကိုတည်ဆောက်ရန် ခရီးရှည် တစ်လျှောက် အချိန်ပိုရရှိခဲ့သည်ဟု ကျမ်းစာပညာရှင်များကဆိုသည်။

လမ်းခရီးတိုတိုင်း အစဉ်အကောင်းဆုံးဖြစ်သည် မဟုတ်ပါ။ တစ်ခါတစ်ရံ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိအလုပ်အကိုင်တွင်ဖြစ်စေ၊ အခြား အားထုတ်မှုများတွင်ဖြစ်စေ ခရီးရှည်ဖြင့် ပို့ဆောင်သည်။ ဤသို့ဖြင့် ရှေ့ဆက် ရမည့်ခရီးအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်သည်။ အခြေအနေများက လျင်မြန်စွာမဖြစ်ပျက်သောအခါ ကျွန်ုပ်တို့ကို လမ်းပြပို့ဆောင်တော်မူသော ဘုရားသခင်အပေါ် စိတ်ချထားနိုင်ပါသည်။ LESLIE KOH