၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ပြင်းထန်လျက်ရှိစဥ် ဗြိတိသျှနိုင်ငံရေးခေါင်းဆောင် ဆာ အက်ဒွတ် ဂရေး က “ဥရောပတစ်ခွင်လုံး မီးငြိမ်းတော့မည်။ ဒီတစ်သက် အလင်းကို ဘယ်သောအခါမှ မြင်ရတော့မည်မဟုတ်” ဟုကြေညာခဲ့သည်။ ဂရေး ၏စကားသည် အမှန်ပင်ဖြစ်သည်။ စစ်ပွဲအားလုံးကို အဆုံးသတ်မည့် ကမ္ဘာစစ်ကြီး ပြီးသွားသော် လူပေါင်း သန်း ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀ သန်းသည် အရပ်သားများဖြစ်သည်) ၂၁ သန်းသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ကျွန်ုပ်တို့၏ဘဝတွင် ထိုမျှမကြီးမားသည့်သည့်တိုင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံရနိုင်သည်။ ပဋိပက္ခအရိပ်မဲကြီးသည် ကျွန်ုပ်တို့၏အိမ်၊ အလုပ်ခွင်၊ ဘုရားကျောင်းနှင့် အိမ်နီးနားချင်းတို့အပေါ် ဖုံးကွယ်နိုင်သည်။ ၎င်းသည် ဘုရား သခင်က ကျွန်ုပ်တို့အား ထူးခြားမှုကိုပြုသူဖြစ်ရန် စေစားရသည့်အကြောင်းရင်း တစ်ခုဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရေး ဘုရားသခင်၏ဉာဏ်ပညာ၌ အမှီပြုရ မည်ဖြစ်သည်။ ရှင်ယာကုပ်က “အထက်မှသက်ရောက်သောပညာမူကား ရှေ့ဦးစွာ စင်ကြယ်၏။ … အသင့်အတင့်နေတတ်၏။ … လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။ အသင့်အတင့်နေခြင်းငှာ ပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏” (ယာ ၃:၁၇-၁၈) ဟုရေးသားခဲ့သည်။

အသင့်အတင့်နေတတ်သူ၏ကဏ္ဍသည် ရရှိလာမည့် အကျိုးရလဒ်ကြောင့် အရေးပါရခြင်းဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် ‘မှန်ကန်စွာ ရပ်တည်ခြင်း’ (သို့) ‘မှန်ကန်သောပေါင်းသင်းဆက်ဆံရေး’ ဟူသည့် အဓိပ္ပာယ်ရှိသည်။ အသင့်အတင့် နေတတ်သူသည် ပေါင်းသင်းဆက်ဆံရေးကို ပြန်လည်တည်ဆောက်ပေးနိုင်သည်။ “သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြ လတံ့”(မ ၅:၉) ဟု သခင်ယေရှုမိန့်မြွက်သောစကားသည် အံ့သြစရာ မဟုတ်ပါ။ ဘုရား၏ဉာဏ်ပညာ၌ အမှီပြုသည့်ဘုရားသားသမီးသည် ငြိမ်းချမ်းရေး အလိုအပ်ဆုံးနေရာများတွင် ဘုရား၏ငြိမ်းချမ်းရေးတန်ဆာပလာ ဖြစ်လာကြသည်။ BILL CROWDER