အပြောအဆိုကြမ်းတမ်းသော သက်ကြွယ်စစ်မှုထမ်းဟောင်းတစ်ဦးရှိပါသည်။ တစ်နေ့တွင် သူ့အပေါ်ဂရုတစိုက်ရှိသည့် မိတ်ဆွေတစ်ဦးက သူ၏ဝိညာဉ်ရေး ယုံကြည်ခြင်းအခြေအနေကို မေးမြန်းစူးစမ်းရာ၊ “ကျွန်တော့်လို လူမျိုးအတွက် ဘုရားသခင်ဆီမှာ နေရာမရှိပါဘူး” ဟု ထိုပုဂ္ဂိုလ်က စိတ်အားငယ်စွာဖြင့် အလျင်အမြန် ပြန်ဖြေသည်။

ဤအဖြေက ထို “လူကြမ်းကြီး” ပြောလေ့ပြောထရှိသောစကားဖြစ်ကောင်းဖြစ်မည်။ သို့သော် သူ၏စကားသည် အလုံးစုံမမှန်ပါ။ ထာဝရဘုရားသည် ကြမ်းတမ်းသူ၊ အပြစ်၌ပျော်မွေ့သူ၊ အပယ်ခံရသူတို့ကို ပိုင်ဆိုင်ပတ်သက်လိုပြီး သူ၏အသိုက်အဝန်းထဲသို့ သွတ်သွင်းလိုသည်။ သခင်ခရစ်တော်၏အမှုတော် စတင်ချိန်၌ တပည့်တော်များကို ရွေးကောက်ရာတွင် ဤအချက်ကို ထင်ရှားစွာ တွေ့နိုင်သည်။ “ဆင်းရဲစွာ အသက်မွေးရသူ” ဟု ယေရုရှလင်မြို့သားများ သတ်မှတ်ထားသည့် ဂါလိလဲအိုင်မှတံငါသည်များကို သူ၏တပည့်တော်အဖြစ် ကိုယ်တော်က ရွေးချယ်ခဲ့သည်။ အဖိနှိပ်ခံပြည်သူများအား ခြိမ်းခြောက်၍ အခွန် ကောက်ခံသူ မဿဲကိုလည်း ရွေးချယ်ခဲ့သည်။ ထိုမျှမက သခင်ခရစ်တော်သည် ‘ဇေလုပ်’ ဖြစ်သည့် ‘အခြား’သော ရှိမုန်ကိုလည်း ရွေးချယ်ခဲ့သည် (မာ ၃:၁၈)။

(ရှိမုန်ပေတရုမဟုတ်သော) ထိုရှိမုန် အကြောင်းကို ကျွန်ုပ်တို့များစွာမသိသော် လည်း ဇေလုပ်တို့၏အကြောင်းကိုဖြင့် သိရပါသည်။ ဇေလုပ်တို့သည် သူတို့စက်ဆုပ် သော ရောမတို့နှင့်ပူးပေါင်းပြီး ချမ်းသာကြွယ်ဝလာသည့် မဿဲ ကဲ့သို့သော သစ္စာဖောက်များကို အလွန်မုန်းတီးကြသည်။ ရှိမုန်ကို ရွေးချယ်ပြီး မဿဲ နှင့်အတူ တစ်ဖွဲ့တည်း ဖြစ်စေသည့် သခင်ယေရှု၏အစီအစဥ်က တစ်ခြားစီဖြစ်နေသည်။

‌ယေရှုအတွက် ဆိုးလွန်းသူ၊ အရေးမပါသူဟု မည်သူ့ကိုမျှ မဆုံးဖြတ်ပါနှင့်။ “ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်း” ဟု သခင်မိန့်တော်မူ၏ (လု ၅:၃၂)။ သင်နှင့်ကျွန်ုပ်ကဲ့သို့ ကြမ်းတမ်းဆိုးယုတ်သူများအတွက် ဘုရားသခင် ထံ၌ နေရာများစွာရှိပါသည်။ TIM GUSTAFSON