ဖီလာဒဲဖီးယားလင်းယုန် လက်ပစ်ဘောအဖွဲ့၏တိုက်စစ်မှူး ကာဆင်ဝက်ဇ် သည် ဒဏ်ရာအပြင်းအထန်ရပြီး ကုသမှုခံယူပြီးနောက် ကွင်းထဲသို့ပြန်လာချိန်တွင် အရန်တိုက်စစ်မှူး နစ်ဖိုးစ် က အသာတကြည် အရန်ခုံတန်းလျား၌ ထိုင်ခဲ့သည်။ တူညီသည့်ရာထူးနေရာအတွက် ပြိုင်ဆိုင်နေရသော်လည်း သူတို့သည် တစ်ဉီးကိုတစ်ဉီး ထောက်ပံ့ရန် ရွေးချယ်ခဲ့ပြီး မိမိကျရာကဏ္ဍတွင် ယုံကြည်ချက်အပြည့်ရှိခဲ့သည်။ “ဤအားကစားသမားနှစ်ဉီးသည် ခရစ်တော်၌ယံုကြည်ခြင်းတွင် အခြေတည်သည့် ထူးခြားသောပတ်သက်ဆက်နွယ်မှုရှိပြီး ၎င်းကို တစ်ဉီးနှင့်တစ်ဉီး အပြန်အလှန် ဆုတောင်းပေးခြင်းဖြင့် ပြသနေသည်” ဟု သတင်းသမားတစ်ဉီးက ပြောကြား ခဲ့သည်။ သူတို့သည် လင်းယုန်အဖွဲ့၏တိုက်စစ်မှူးများဖြစ်ယုံမက သခင်ယေရှုကို ကိုယ်စားပြုနေသည့် ယံုကြည်သူများဖြစ်ပြီး အသင်းတစ်သင်းတည်း၏ အသင်းသားများဖြစ်သည်ကို သတိရလျက် ဘုရားဘုန်းထင်ရှားစေခဲ့သည်။

တမန်တော်ရှင်ပေါလုက ယံုကြည်သူတို့အား သခင်ယေရှု ပြန်ကြွလာခြင်းကိုစောင့်နေသော “အလင်း၏သားများ”ကဲ့သို့ အသက်ရှင်ရန် သတိပေးထားသည် (၁ သက် ၅:၅-၆)။ ခရစ်တော်ပေးသော ကယ်တင်ခြင်း၌ ကျွန်ုပ်တို့၏မျှော်လင့်ခြင်း အတွက် စိတ်ချမှုရှိပြီးဖြစ်၍ သဝန်တိုမှု၊ မလုံမလဲဖြစ်မှု၊ ကြောက်ရွံ့မှု၊ မနာလိုမှုဖြင့် ပြိုင်ဆိုင်ရန် သွေးဆောင်လာသည့် မည်သည့်စံုစမ်းမှုမျိုးကို ကျွန်ုပ်တို့ပူစရာမရှိပါ။ ထိုအစား အချင်းချင်းတိုက်တွန်းပြီး တစ်ယောက်ကိုတစ်ယောက် တည်ဆောက်နိုင် ပါသည် (:၁၁)။ ဘုရားကိုချစ်သည့် ဝိညာဉ်ရေးရာခေါင်းဆောင်တို့ကို လေးစားပြီး ဧဝံဂေလိတရားဝေမျှရေး၊ သခင်ယေရှုအတွက် အသက်ရှင်ရန် အခြားသူတို့ကို တိုက်တွန်းအားပေးရေးဟူသည့် တူညီသောပန်းတိုင်ဆီသို့ အတူတကွ အစေခံ ချီတက်လျက် အချင်းချင်းအသင့်အတင့်နေနိုင်ပါသည် (:၁၂-၁၅)။

ကျွန်ုပ်တို့သည် တစ်သင်းတစ်ဖွဲ့တည်း၌ အတူအစေခံလျက်“အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။ အရာရာ ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ ကျင့်စေခြင်းငှာ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏”(:၁၆-၁၈)ဟူသည့် ရှင်ပေါလု၏စကားကို လိုက်နာအပ်ပေသည်။ XOCHITL DIXON