ဘီစီ ၂၇ အချိန်ကာလ၊ ရောမအုပ်ချုပ်သူ အော့တေးဗီယန်သည် အထက်လွှတ်တော်တွင် သူ၏အခွင့်အာဏာကို စွန့်လွှတ်ခဲ့သည်။ သူသည် ပြည်တွင်းစစ်ကို နှိမ်နင်းအောင်မြင်ခဲ့ပြီး ထိုဒေသဝန်းကျင်ကို အုပ်စိုးသူဖြစ်လာကာ ဧကရာဇ်မင်းကဲ့သို့ ပြုမူခဲ့သည်။ သို့သော် ထိုအာဏာသည် တရားမဝင်ကြောင်း သူသိသည်။ ထို့ကြောင့် လွှတ်တော်တွင် သူသည်အာဏာကိုစွန့်ပြီး တရားဝင်ရွေးချယ်ခန့်အပ်မှုကိုသာ လက်ခံပါမည်ဟု ကျမ်းသစ္စာဆိုခဲ့သည်။ လွှတ်တော်က မည်သို့တုံ့ပြန်သနည်း။ သူ့အား ပြည်နယ်ဂုဏ်ဆောင် သရဖူကိုအပ်နှင်းပြီး ‘ရောမပြည်သူတို့၏ အစေခံ’ ဟူသောဘွဲ့ကို ချီးမြှင့်အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ‘သြဂတ်စတပ် – ကြီးမြတ်သူ’ ဟူသောဘွဲ့ကိုလည်း အပ်နှင်းချီးမြှင့်ခဲ့သည်။

ရှင်ပေါလုက သခင်ယေရှုသည် သူ၏အ‌သရေကိုစွန့်ပြီး အစေခံကျွန်၏သဏ္ဍာန်ကိုဆောင်ခဲ့သည်ဟု ရေးသားခဲ့သည်။ သြဂတ်စတပ် လည်း ထိုကဲ့သို့ပင်လုပ်ခဲ့သည်ဟုထင်ရသည်။ သို့မဟုတ် သူတကယ်လုပ်ခဲ့ပါသလား။ သြဂတ်စတပ်သည် သူ့အခွင့်အာဏာကို စွန့်လွှတ်လိုက်သကဲ့သို့ လုပ်ဆောင်ခဲ့သည်။ သို့သော် သူ့အကျိုးအတွက် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုသည် “လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုယ်ကိုယ် နှိမ့်ချတော်မူ၏” (ဖိ ၂:၈)။ ရောမတို့၏ကားတိုင်ထက် အသေခံရခြင်းသည် နှိမ့်ကျသိမ်ငယ်ခြင်းနှင့် အရှက်တကွဲဖြစ်ခြင်းတို့၏အဆိုးဝါးဆုံးပုံစံဖြစ်သည်။

မျက်မှောက်ခေတ်တွင် အစေခံခေါင်းဆောင်မှုကို ကောင်းမွန်သည့်ပြယုဂ်အဖြစ် လူတို့ပြဌာန်းခြင်းမှာ သခင်ယေရှုကြောင့်ပင်ဖြစ်သည်။ နှိမ့်ချခြင်းသည် ဂရိ (သို့) ရောမတို့အတွက် ကောင်းသောပြယုဂ် မဟုတ်ပါ။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံသွားခြင်းကြောင့် သူသည် စစ်မှန်သော အစေခံ၊ စစ်မှန်သောကယ်တင်ရှင်ဖြစ်သည်။

ကျွန်ုပ်တို့ကိုကယ်တင်ရန် ခရစ်တော်သည် အစေခံအဖြစ်ခံယူခဲ့သည်။ သူ၏အသရေကို စွန့်ခဲ့သည်(:၇)။ ထို့ကြောင့် အမှန်ကြီးမြတ်သော ကယ်တင်ခြင်းနှင့် ထာဝရအသက်ဆုလာဘ်ကို ကျွန်ုပ်တို့ရရှိနိုင်တော့သည်။ GLENN PACKIAM