ခွဲစိတ်မှုခံယူပြီးနောက် လေဖြတ်သွားသဖြင့် တောမ် စကားမပြောနိုင်တော့ပါ။ ပြန်လည်သန်စွမ်းရေးအတွက် ကာလကြာရှည်စွာ လေ့ကျင့်ခန်းပြုလုပ်ခဲ့ရသည်။ ရက်သတ္တပတ်များစွာကြာပြီးနောက် အသင်းတော်၏ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်သို့ တောမ်ရောက်လာသောအခါ ကျွန်ုပ်တို့အံ့သြဝမ်းမြောက်ခဲ့ရသည်။ တစ်ဖန် သူထရပ်ပြီး စကားပြောသောအခါ ကျွန်ုပ်တို့ပို၍အံ့သြခဲ့ရပြန်သည်။ ပြောမည့်စကားလုံးများရှာနေရင်း ဗလုံးဗထွေးနှင့် ထပ်ခါတလဲလဲပြောသည်။ သူပြောလိုသည့် နေ့စွဲနှင့်အချိန်များလည်း ရောထွေးကုန်သည်။ သို့သော် သေချာသည်မှာ ဘုရားရှင်ကို သူချီးမွမ်းနေခြင်းဖြစ်သည်။ စိတ်မကောင်းဖြစ်ရသည့် တစ်ချိန်တည်းမှာပင် သူ့အားဖြင့် ကောင်းချီးဖြစ်သည်ဟု ခံစားရသည့် အခိုက်အတန့်လေးပါ။

ခရစ်စမတ်မတိုင်ခင် အဖြစ်အပျက်များတွင် စကားပြောနိုင်စွမ်းဆုံးရှုံးသွားသူတစ်ဦးအကြောင်းကို တွေ့ရသည်။ ကောင်းကင်တမန်ဂါဗြေလသည် ယဇ်ပရောဟိတ်ဇာခရိထံရောက်လာကာ သူသည် ကြီးကျယ်မြင့်မြတ်သော ပရောဖက်၏ဖခင်ဖြစ်လာမည့်အကြောင်း ပြောကြားသည် (လု ၁:၁၁-၁၇)။ သူတို့ဇနီးမောင်နှံမှာ အသက်ကြီးရင့်နေပြီဖြစ်သောကြောင့် ဇာခရိ သံသယစိတ်ဝင်ခဲ့သည်။ ထို့ကြောင့် ဂါဗြေလက ထိုသားမမွေးမီအချိန်တိုင်အောင် စကားပြောနိုင်မည်မဟုတ်ဟု သူ့အား မိန့်ကြားခဲ့သည် (:၂၀)။

ကောင်းကင်တမန်ပြောသည့်အတိုင်း အံ့သြဖွယ်ရရှိလာသည့် ကလေးငယ်၏ နာမည်ပေးကင်ပွန်းတပ်ပွဲတွင်မှ ဇာခရိ စကားပြန်ပြောနိုင်သည်။ ဘုရားရှင်ကို ချီးမွမ်းခြင်းဖြင့် သူစတင်စကားပြောခဲ့သည်(:၆၄)။ “ဣသရေလအမျိုး၏သခင် ထာဝရဘုရားသည် … မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကိုပြုတော်မူသောကြောင့် မင်္ဂလာရှိတော်မူစေသတည်း” (:၆၈)။

စကားပြန်ပြောလာနိုင်သည်နှင့် တောမ်၏တုံ့ပြန်မှုမှာ ဇာခရိကဲ့သို့ပင် ဘုရားရှင်ကို ချီးမွမ်းရန်ဖြစ်သည်။ ၎င်းတို့၏စိတ်သည် သူတို့၏နှုတ်လျှာနှင့် စိတ်နှလုံးကို ဖန်ဆင်းသူထံ တိမ်းညွတ်ဦးခိုက်နေကြသည်။ ယခုလတ်တလောတွင် မိမိရင်ဆိုင်နေရသောအရာများကို အမှုမထားဘဲ ၎င်းတို့နည်းတူ ကျွန်ုပ်တို့လည်း တုံ့ပြန်နိုင်ကြပါသည်။ TIM GUSTAFSON