သူ့နာမည်က Dnyan (နိုင်းယန်)၊ သူ့ကိုယ်သူ လူမှုအလွှာအသီးသီးကို ကူညီနိုင်သူဟု သတ်မှတ်ထားသည်။ သူဖြတ်သန်းခဲ့သမျှသောမြို့များနှင့်စပ်လျဥ်း၍ ဤလူမှုကမ္ဘာသည် အလွန်ကြီးမားသည်ဟု သူဆိုသည်။ သူသည် လူအများနှင့်ထိတွေ့ပြီး သူတို့ထံမှ လေ့လာသင်ယူရန်အတွက် ၂၀၁၆ခုနှစ်တွင် စက်ဘီးဖြင့်ခရီးနှင်မည့် ၄နှစ်တာခရီးကို အစပြုခဲ့သည်။ ဘာသာစကားအတားအဆီးရှိသောအခါ တစ်ခါတစ်ရံတွင် လူသည် တစ်ဉီးကိုတစ်ဉီးကြည့်ရုံဖြင့် အချင်းချင်းနားလည်နေကြောင်း သူသိခဲ့ရသည်။ လူလူချင်းဆက်သွယ်ရန်အတွက် သူ့ဖုန်းထဲမှဘာသာပြန်ပေးသော App ကိုလည်း အားကိုးခဲ့ရသည်။ သွားခဲ့သည့်ခရီးမိုင်နှင့် မြင်တွေ့ခဲ့ရသည့်အရာများအားဖြင့် သူ့ခရီးစဥ်ကို မတိုင်းတာခဲ့ပါ။ သည့်အစား “သူတို့ရဲ့ ဘာသာစကားကို ကျွန်တော်မသိဘူး။ နားမလည်ဘူး။ ဒါပေမဲ့ သူတို့ဟာ ဘယ်လိုလူလဲဆိုတာ ကျွန်တော်သိချင်တယ်။ သိအောင်လုပ်မယ်”ဟု သူ့နှလုံးသားကို ထိတွေ့စွဲထင်စေခဲ့သည့် လူများအားဖြင့်သာ တိုင်းတာခဲ့ပါသည်။

ဤကမ္ဘာကြီး မည်မျှပင်ကျယ်ပြောနေပါစေ၊ ဘုရားရှင်သည် ကမ္ဘာကြီးနှင့် ကမ္ဘာပေါ်ရှိ လူများနှင့်ပတ်သက်ပြီး အရာခပ်သိမ်းကိုသိသည်။ လုံးစေ့ပတ်စေ့သိသည်။ ဆာလံဆရာဒါဝိဒ်က “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်၊ လနှင့်ကြယ်များအကြောင်းကို ဆင်ခြင်သော” သူအံ့သြမိန်းမောခဲ့ရသည်(ဆာ ၈:၃)။ “လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း”ဟု သူဆင်ခြင်မိသည်(:၄)။

တစ်စုံတစ်ယောက်က သင့်အကြောင်းသိနိုင်သည်ထက် ဘုရားရှင်သည် သင့်အကြောင်းကို ဂဃနဏပိုသိပြီး သင့်အား ဂရုစိုက်နေပေရာ၊ ကျွန်ုပ်တို့အနေဖြင့် “အို အကျွန်ုပ်တို့၏ဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမ သည် မြေကြီးတစ်ပြင်လုံး၌ အလွန်ကြီးမြတ်တော်မူသတည်း”(:၁၊ ၉) ဟုသာဆိုနိုင်ပေတော့မည်။ ANNE CETAS