ကျွန်မ ဖေ့စ်ဘွတ်သုံးရင်း ငြင်းခုန်နေပါသည်။ မှားယွင်းသောအပြုအမူပင်။ လူအများစိတ်ဝင်စားသည့်၊ အထူးသဖြင့် ငြင်းခံုနိုင်ဖွယ် အကြောင်းအရာတစ်ခုနှင့်စပ်လျဥ်း၍ တစ်စိမ်းတစ်ယောက်ကို အမှန်ပြင်ပေးရန် တာဝန်ရှိသည်ဟု ကျွန်မ မည်သို့အတွေးဝင်သွားသည်မသိပါ။ ရလဒ်အားဖြင့် အမုန်းစကားနှင့် နာကျင်ရသောခံစားမှုကိုသာရရှိခဲ့သည် (ကျွန်မဘက်မှခံစားရသည့်အချက်။) သခင်ယေရှု အကြောင်းကို သက်သေခံရန် အခွင့်အရေး ဆုံးရှုံးလိုက်ရသည်။ အချုပ်ဆိုရလျှင် ၎င်းသည် ‘အင်တာနက်ဒေါသ’၏ရလဒ်ပင်ဖြစ်သည်။ ထိုအသုံးအနှုန်းသည် ဘလော့ဂ်ရေးသည့် ပတ်ဝန်းကျင်တွင် နေ့စဉ်သက်ဝင်နေသည့် ခက်ထန်သောစကားလုံးများကို ရည်ညွှန်းသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက “ဒေါသအမျက်သည် လူထု၏မျှော်မှန်းချက်များကို ဖွင့်ပြသည့်နည်းလမ်းဟု လူတို့ မှားယွင်းစွာ ကောက်ချက်ချထားကြောင်း” ရှင်းပြထားသည်။

တိမောသေအား ရှင်ပေါလုပေးခဲ့သော ပညာအမြော်အမြင်နှင့်ပြည့်စုံသည့်အကြံသည် တန်းတူသတိပေးချက်လည်းဖြစ်သည်။ “မိုက်မဲ၍ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟုသိမှတ်၍ ပယ်ရှားလော့။ သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်” (၂ တိ ၂:၂၃-၂၄)။

ရောမထောင်ထဲမှ ရှင်ပေါလုရေးပေးလိုက်သည့် အကြံကောင်းသည် ဘုရားသခင်၏သမ္မာတရားကိုသွန်သင်မည့် သင်းအုပ်ငယ်လေး တိမောသေအား ပြင်ဆင်ပေးရန်အတွက်ဖြစ်သည်။ ရှင်ပေါလု၏အကြံသည် ကျွန်ုပ်တို့အတွက်လည်း အချိန်ကိုက်ဖြစ်သည်။ အထူးသဖြင့် ယုံကြည်ခြင်းအကြောင်းပြောရာ၌ “ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ”မည်(:၂၅)။

အခြားသူကို ကြင်နာစွာပြောဆိုခြင်းသည် စိန်ခေါ်မှု၏တစ်စိတ်တစ်ဒေသဖြစ်သော်လည်း သင်းအုပ်ဆရာများအတွက်မျှသာ မဟုတ်ပါ။ ဘုရားကိုချစ်ပြီး သူ့အကြောင်းကို အခြားသူများအားဝေငှရန် ရှာကြံနေသူအားလုံးအတွက်ဖြစ်ရာ၊ ချစ်ခြင်းအားဖြင့် သမ္မာတရားကို ပြောနိုင်ကြပါစေ။ ပြောမည့်စကားလုံးတိုင်းအတွက် ကျွန်မတို့ကို သန့်ရှင်းသောဝိညာဉ်တော် မစလိမ့်မည်။ PATRICIA RAYBON