အစည်းအဝေးတက်ရောက်ရန် လန်ဒန်သို့ ကျွန်တော်ရောက်ရှိနေသည်။ မိုးတဖွဲဖွဲရွာနေပြီး ကျွန်တော်နောက်ကျနေခဲ့သည်။ လမ်းသွယ်များကြား အလျင်စလိုဖြတ်ဝင်ပြီး ထောင့်အကွေ့တစ်ခုမှ ချိုးအထွက်တွင် ကျွန်တော်ကြက်သေသေသွားသည်။ ဒါဇင်နှင့်ချီသော ကောင်းကင်တမန်များ ရီးဂျန့်လမ်းမထက်၌ ရစ်ဝဲနေကာ ၎င်းတို့၏တောက်ပလင်းလက်သောအတောင်ပံများက ကားတန်းတစ်လျှောက်အပေါ်ဖြန့်ကျက်ထားသည်။ လျှပ်စစ်မီးသီးထောင်ပေါင်းများစွာဖြင့် အလှဆင်ထားသည်မှာ ကျွန်တော်မြင်ဖူးခဲ့သမျှ ခရစ္စမတ်အပြင်အဆင်တွင် အံ့မခမ်းအလှဆုံးဖြစ်သည်။ ရာပေါင်းများစွာသောလူများသည်လည်း လမ်းတစ်လျှောက် တန်းစီကာ အံ့သြမှုအပြည့်နှင့် ငေးမောနေကြသည်။

အံသြမှုသည် ခရစ္စမတ်ပံုပြင်၏အဓိကအချက်တစ်ခုဖြစ်သည်။ ကောင်းကင်တမန်သည် ကိုယ်ထင်ပြကာ မာရိအား သူမသည် အလွန်ထူးခြားစွာဖြင့် ကိုယ်ဝန်ဆောင်ရမည်ကိုရှင်းပြစဥ် (လု ၁:၂၆-၃၈)၊ သခင်ယေရှုဖွားမြင်သောအခါ သိုးကျောင်းသားများကို သတင်းကောင်းပြောကြားချိန် (၂:၈-၂၀)တို့တွင် ထိုသူတို့သည် ကြောက်လန့်ခြင်း၊ အံ့သြမှင်သက်ခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ ရီးဂျန့်လမ်းမှ လှည့်ပတ်ကြည့်ရှုနေသော လူအုပ်ကြီးကိုကြည့်ရင်း ပထမဆုံးအကြိမ်ကောင်းကင်တမန်များနှင့် တွေ့ကြုံခဲ့ရသူတို့ကဲ့သို့ ကျွန်တော်တို့ခံစားနေရ သလားဟု ကျွန်တော်အတွေးဝင်မိပါသည်။

ခဏအကြာတွင် နောက်ထပ်အချက်တစ်ချက်ကို ကျွန်တော် သတိပြုမိသည်။ ကောင်းကင်တမန်အချို့က လက်များပင့်လျက် တစ်စုံတစ်ရာကို လှမ်းကြည့်နေသကဲ့သို့ မော့ကြည့်နေကြသည်။ သခင်ယေရှုဖွားမြင်ကြောင်း ကောင်းကင်တမန်များက ကျူးဧချီးမွမ်းသီဆိုသကဲ့သို့ (:၁၃-၁၄) ၎င်းတို့သည်လည်း သူငယ်တော်ကို မျှော်ကြည့်လျက် အံ့သြမိန်းမောနေကြလိမ့်မည်။ “ထိုသားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်”သည်(ဟေဗြဲ ၁:၃)။ ထွန်းလင်းသော သခင်ယေရှုသည် ကောင်းကင်တမန်တိုင်း အံ့သြမိန်းမောမှုဖြင့် အဓိကအာရုံစိုက်ရာ(:၆) ဖြစ်သည်။ ကောင်းကင်တမန်များဖြင့် ခရစ္စမတ်ကိုသရုပ်ဖော်မှုက ပျားပန်းခပ်အလုပ်ရှုပ်နေသောလန်ဒန်သားများကို ရပ်တန့်သွားစေပါက သခင်ဘုရားအား မျက်နှာချင်းဆိုင် မြင်ရမည့်အချိန်ကို မြင်ယောင်၍သာကြည့်လိုက်ပါတော့။ SHERIDAN VOYSEY