သင်းအုပ်ဆရာ တင်းမ်ကယ်လာက “လူဆိုတာ မိမိဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ အခြားသူ၏အပြောသက်သက်နှင့် မသိနိုင်ပါ။ လက်တွေ့ပြဖို့ လိုပါတယ်”ဟု ပြောပါသည်။ နားလည်အောင်ပြောရလျှင် “လက်တွေ့အပြုအမူဟာ အပြောထက် ပိုထိရောက်တယ်” ဟူသည့် ဆိုရိုးစကားအတိုင်းဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးက တစ်ယောက်စကားကို တစ်ယောက်ကနားထောင်ပေးပြီး အချင်းချင်း ချစ်ခြင်းမေတ္တာပြသကြသည်။ မိဘများက ကြင်နာစွာဂရုစိုက်ခြင်းဖြင့် သားသမီးများကို တန်ဖိုးထားကြောင်း ဖော်ပြတတ်ကြသည်။ နည်းပြက အားကစားသမားများ၏အလားအလာရှိကြောင်းကိုပြသရန် ၎င်းတို့၏စွမ်းရည်တိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံပေးသည်။ ပြော၍မကုန်ပါ။ သို့သော် လူတို့အတွက် နာကျင်စရာကို ထောက်ပြပေးသည့်၊ လူတို့လက်မခံချင်သည့် နှစ်သက်ဖွယ်မကောင်းသည့် သတင်းစကားကို ဆက်သွယ်ပေးသည့် လုပ်ရပ်များလည်းရှိပါသည်။

ဤစကြဝဠာတွင် လက်တွေ့လုပ်ရပ်၌ အခြေခံသောသတင်းများအနက် အရေးအကြီးဆုံးသောသတင်းတစ်ခုရှိသည်။ ဘုရား၏အမြင်၌ မိမိသည် မည်သို့ပေါ်လွင်နေသည်ကိုဖော်ပြရန် ကားတိုင်ပေါ်မှ သခင်ဘုရား၏လုပ်ရပ်အပြင် အခြားဘာမှ မလိုအပ်ပါ။ ရောမ ၅:၈တွင် ရှင်ပေါလုက “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” ဟုရေးသားခဲ့သည်။ ကျွန်ုပ်တို့သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် ဘုရားသခင်ချစ်သောသူများဖြစ်ကြောင်းကို ကားတိုင်က ဖော်ပြနေပါသည်(ယော ၃:၁၆)။

ယိုယွင်းနေသောခေတ်ယဉ်ကျေးမှုရှိ ပျက်စီးသောလူတို့၏ ရောနှောရှုပ်ထွေး နေသောလုပ်ရပ်များနှင့် ဆန့်ကျင်ပြီး ဘုရားသခင်၏စိတ်နှလုံးမှသတင်းစကားက ရှင်းလင်းစွာ မြည်ဟီးနေပါသည်။ သင်မည်သူဖြစ်သနည်း။ သင့်ကို ကယ်တင်ရန် သူ၏တစ်ပါးတည်းသောသားတော်ကိုစွန့်သည့်တိုင် ဘုရားသခင်ချစ်ရသောသူ ဖြစ်ပါသည်။ သင့်အတွက် ပေးခဲ့သောအဖိုးအခနှင့် ကိုယ်တော့်အတွက် သင်သည် ကယ်ထိုက်သောသူဖြစ်ကြောင်း အံ့ဖွယ်အဖြစ်မှန်ကို ဆင်ခြင်ပါလေ။ BILL CROWDER