အာဂျင်တီးနားအမျိုးသမီးဘစ်စကတ်ဘောအသင်းသည် ပြိုင်ပွဲတွင် ယူနီဖောင်းမှားပြီးဝတ်ဆင်လာမိခဲ့ကြသည်။ ၎င်းတို့၏ရေတပ်ပြာအရောင်အင်္ကျီသည် ကိုလံဘီယာအသင်း၏နက်ပြာရောင်အင်္ကျီနှင့် ဆင်တူယိုးမှားဖြစ်နေပြီး စင်စစ် ဧည့်သည်အသင်းအနေဖြင့် သူတို့က အဖြူရောင်ဝတ်ကြရမည်ဖြစ်သည်။ အစားထိုးလဲဝတ်ရန်အတွက် အင်္ကျီရှာရန် အချိန်မရှိတော့သည့်အတွက် ပြိုင်ပွဲကို အရှုံးခံလိုက်ရသည်။ နောက်ပိုင်းတွင် အာဂျင်တီးနားအဖွဲ့သည် ၎င်းတို့ ဘာဝတ်ရမည်ကို နှစ်ခါပြန် ပြန်စစ်မည်မှာ အသေချာပင်ဖြစ်သည်။

ပရောဖက်ဇာခရိခေတ်က အမြင့်ဆုံးသော ယဇ်ပရောဟိတ်ယောရှုသည် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ညစ်ညူးသောအဝတ် ဝတ်ပြီး ဝင်လာသည်ကို သူ့အား ဘုရားသခင်ရူပါရုံဖွင့်ပြသည်။ စာတန်သည် လက်ညိုးထိုးလျက်သရော်သည်။ ယဇ်ပရောဟိတ်ယောရှုသည် သတ်မှတ်အရည်အချင်း မပြည့်မီဘဲ ပွဲပြီးသွားသည်။ သို့သော် အဝတ်လဲလှယ်ချိန်ရှိခဲ့ပြီး၊ ဘုရားသခင်သည် စာတန်အား ပြစ်တင်မောင်းမဲကာ ယောရှု၏ညစ်ညူးသောအဝတ်ကိုလဲပေးရန် ကောင်းကင်တမန်အား မိန့်ကြားသည်။ ထိုနောက် ယောရှုအား “သင့်အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သောအဝတ်ကို ငါဝတ်စေမည်” ဟု မိန့်တော်မူသည် (ဇာ ၃:၄)။

ကျွန်ုပ်တို့သည် အာဒံ၏အပြစ်အပေါ်တွင် မိမိ၏ကိုယ်ပိုင်အပြစ်များနှင့် ထပ်ဖုံးပြီး ညစ်ညူးသောအရာများကို ဝတ်ဆင်လျက် ဤလောကသို့ ဝင်ရောက်ခဲ့သည်။ မိမိ၏ညစ်ပေသောအဝတ်များကိုသာ ဆက်ဝတ်ဆင်မည်ဆိုပါက ဘဝ၏ ကစားပွဲ၌ ကျွန်ုပ်တို့ရှုံးနိမ့်သွားပါလိမ့်မည်။ မိမိအပြစ်ကို ရွံရှာစက်ဆုပ်လာပြီး သခင်ယေရှုထံလှည့်ပြန်လာမည်ဆိုပါက ခေါင်းအစ ခြေအဆုံးထိ သူနှင့်သူ၏ဖြောင့်မတ်မှုတို့ဖြင့် ကျွန်ုပ်တို့ကို ဝတ်ဆင်ပေးလိမ့်မည်။ မိမိဘာကို ဝတ်ဆင်နေသည်ကို စစ်ဆေးရန် အချိန်ရောက်ပါပြီ။

‘ကျောက်မြဲကျူး’သီချင်း၏နောက်ဆုံးအပိုဒ်တွင် “တံပိုးမှုတ်လျက် တစ်ဖန် ကြွလာ၊ ကိုယ်တော်၌ ကျွန်ုပ်တည်စေပါ၊ ဖြောင့်မတ်ခြင်းဝတ်လုံ ဝတ်ဆင်ကာ၊ ပလ္လင်တော်ရှေ့ ပြစ်တင်ခွင့်ကင်း”ဟူ၍ ကျွန်ုပ်တို့မည်သို့အနိုင်ယူမည့်အကြောင်းကို ရှင်းပြထားပါသည်။ MIKE WITTMER