ကျွန်မ၏သား နှစ်များစွာပြုလုပ်ခဲ့သော ခရစ္စမတ်အဆင်တန်ဆာလက်မှုများနှင့် နှစ်စဉ်သူ့အဖွားပေးပို့သော မလိုက်ဖက်သည့် အဆင်တန်ဆာမျိုးစုံကိုကြည့်ပြီး အဘယ်ကြောင့် ကျွန်မကျေနပ်မှုမရှိပါလိမ့်ဟု စဉ်းစားမရပါ။ လက်မှုတစ်ခု ချင်းစီ၏ပုံဆောင်ချက်နှင့် ဖန်တီးမှုအမှတ်တရများကို ကျွန်မအမြဲ တန်ဖိုးထားခဲ့သည်။ သို့သော် စျေးဆိုင်များ၌ ခင်းကျင်းပြသထားမှုများက လိုက်ဖက်လှပသောမီးလုံးများ၊ တလက်လက်နှင့်တောက်ပသောဘောလုံးလေးများ၊ ပြောင်လက်သောဖဲပြားများဖြင့် ဆင်ယင်ထားသော ခရစ္စမတ်သစ်ပင်ကို ဆင်ရန် ကျွန်မကို အဘယ့်ကြောင့် ဆွဲဆောင်နေသနည်း။

ကျွန်မတို့၏အညတရအပြင်အဆင်မှ မျက်နှာလွှဲလိုက်စဉ် အနီရောင် အသဲနှလုံးပုံပေါ် ရိုက်နှိပ်ထားသော “ယေရှု – ကျွန်ုပ်၏ကယ်တင်ရှင်” ဟူသော ရိုးရှင်းသောစာကြောင်းကို ဖြတ်ခနဲမြင်လိုက်သည်။ ကျွန်မနှင့် ကျွန်မမိသားစုတို့၏ ခရစ်တော်၌ရှိသောမျှော်လင့်ခြင်းသည် ခရစ္စမတ်ကို နှစ်ခြိုက်စွာကျင်းပရသည့် အကြောင်းရင်းဖြစ်ကြောင်း ကျွန်မအဘယ့်ကြောင့် မေ့သွားပါလိမ့်။ ကျွန်မတို့၏ အပင်ရိုးရိုးလေးက ဆိုင်မှသစ်ပင်နှင့်မယှဥ်သာသော်လည်း အပြင်အဆင် တစ်ခုစီ၌ရှိသော ချစ်ခြင်းမေတ္တာသည်သာ အလှတရားကို ဖြစ်စေပါသည်။

ကျွန်ုပ်တို့၏မထယ်ဝါသောသစ်ပင်ကဲ့သို့ မေရှိယသည် လောကမှ မျှော်လင့်ထားသောအချက်များနှင့်တစ်ခုမျှ မကိုက်ညီပါ (ဟေရှာ ၅၃:၂)။ သခင်ယေရှုသည် လူများ၏မျက်နှာလွှဲခြင်း၊ မထီမဲ့မြင်ပြုခြင်းခံခဲ့ရသည်(:၃)။ ထိုသို့တိုင် ချစ်ခြင်း မေတ္တာကို အံ့သြဖွယ်ရာပြသရာတွင် ကျွန်ုပ်တို့၏ လွန်ကျူးခြင်း အပြစ်များကြောင့် ထိုးခြင်း၊ နှိပ်စက်ခြင်းခံရန် ရွေးချယ်ခဲ့သည် (:၅)။ ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့ ခံစားရရန် အပြစ်စီရင်ခြင်းကို ခံယူခဲ့သည်(:၅)။ ဘယ်အရာမှ ထိုထက်မလှပနိုင်ပါ။

မထယ်ဝါသောခရစ္စမတ်သစ်ပင်နှင့် ပြည့်စုံသော ကယ်တင်ရှင်အတွက် အသစ်တစ်ဖန် ကျေးဇူးတင်လျက်၊ တောက်ပမှုကိုလိုချင်စိတ်မရှိတော့ဘဲ ဘုရားသခင်၏ထွန်းလင်းသောမေတ္တာကို ကျွန်မချီးမွမ်းခဲ့သည်။ တလက်လက် အဆင်တန်ဆာများသည် ဘုရားသခင်၏ စွန့်လွှတ်အနစ်နာခံခဲ့သော လက်ဆောင် – သခင်ယေရှု၏လှပခြင်းနှင့် မည်သို့မျှ မလိုက်ဖက်နိုင်ပါ။ XOCHITL DIXON