ကမ္ဘာတစ်ဝန်း၌ ခရစ္စမတ်ရောက်တိုင်း အိမ်များတွင် ခရစ်တော်ဖွားမြင်ခြင်း ရုပ်ပုံများဖြင့် အလှဆင်လေ့ရှိသည်။ ကျွန်မတို့အိမ်တွင် ဂျာမန် ရိုးရာဓလေ့အတိုင်း ပိရမစ်ပုံတဲနှင့် ဗက်လင်မြို့ထွက်သံလွင်သားနှင့်ပြုလုပ်ထားသည့် နွားစားခွက်ပုံ၊ မက္ကဆီကန် ကျေးလက်ပုံစံ တောက်ပသောအရောင်များနှင့် သရုပ်ဖော်ထားသည့် ဖွားမြင်ခန်း စသည်ဖြင့်ရှိသည်။ ကျွန်မတို့မိသားစုအနှစ်သက်ဆုံးပုံမှာ တစ်မျိုးတစ်ဘာသာဆန်းသစ်သော အာဖရိကစတိုင် ဖွားမြင်ခန်းဖြစ်သည်။ ပုံတွင် ရှေးအစဉ်အလာအတိုင်း သိုးနှင့်ကုလားအုတ်များအစား ရေမြင်းကိုထည့်ထားပြီး ထိုရေမြင်းက သူငယ်ယေရှုကို အားရကျေနပ်စွာ ကြည့်နေသည်။

ဤတစ်မူထူးသောယဉ်ကျေးမှုများဖြင့် ဆင်ယင်ထားသည့် ခရစ်တော်ဖွားမြင်တော်မူခြင်းမြင်ကွင်းက သခင်ယေရှုမွေးဖွားခြင်းသည် နိုင်ငံတစ်နိုင်ငံ (သို့) ယဉ်ကျေးမှုတစ်ခုတည်းအတွက် မဟုတ်ကြောင်း လှပသောသတိပေးချက် တစ်ခုချင်းစီကို တစိမ့်စိမ့်တွေးပြီး ကျွန်မနှလုံးသား၌ နွေးထွေးစွာ ခံစားရသည်။ ၎င်းသည် တစ်လောကလုံးအတွက် သတင်းကောင်းဖြစ်သည်။ နိုင်ငံတိုင်း၊ လူမျိုးစုတိုင်းအတွက် ၀မ်းမြောက်စရာအကြောင်းရင်းဖြစ်သည်။

နိပါတ်တော်ဇာတ်ဝင်ခန်းတစ်ခုချင်းတွင် ရေးဆွဲထားသော ဤသူငယ်သည် တစ်လောကလုံးအတွက် ဘုရားသခင်၏နှလုံးသား သမ္မာတရားကို ဖော်ပြနေသည်။ စေ့စေ့ပေါက်ပေါက်စူးစမ်းလာသော ဖာရိရှဲနိကောဒင်အား ခရစ်တော် မိန့်ကြားသည့်စကားကို ရှင်ယောဟန်က ဤသို့ရေးသားထားပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော ၃:၁၆)။

သခင်ယေရှု၏လက်ဆောင်သည် လူတိုင်းအတွက် သတင်းကောင်းဖြစ်သည်။ ကမ္ဘာ၏မည်သည့်အရပ်တွင်သင်နေထိုင်နေပါစေ သခင်ယေရှုမွေးဖွားခြင်းသည် သင့်အား ချစ်ခြင်းနှင့်ငြိမ်သက်ခြင်းကို ဘုရားသခင် ပေးသနားခြင်းဖြစ်သည်။ ခရစ်တော်၌ အသက်သစ်ကို ရှာတွေ့သူအားလုံး “အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးနွယ်ခပ်သိမ်း”တို့သည် တစ်နေ့တွင် ဘုရားသခင်၏ ဘုန်းတော်ကို ထာဝရချီးမွမ်းကြမည်ဖြစ်သည်(ဗျာ ၅:၉)။ LISA M. SAMRA