ဝါရှင်တန်ဒီစီသို့ ပျံသန်းနေသောခရီးစဉ်အတွင်း သက်ကြွယ်အမျိုးသမီးတစ်ဦးက သူမ၏ခင်ပွန်းအား “ရှင့်ကို မလိုအပ်တော့ဘူးဆိုတာ မဟုတ်ဘူး” ဟု တီးတိုးပြောဆိုသံကို စာရေးဆရာ အာသာဘရွတ်(Arthur Brooks) ကြားလိုက်သည်။ အမျိုးသားက သေချင်သည်ဟု ညည်းညူရာ ဇနီးသည်က “အဲလိုပြောတာ ရပ်တော့”ဟု ပြန်ပြောခဲ့သည်။ ခရီးဆုံးရောက်သော် ဘရွတ် လှည့်ကြည့်လိုက်ပြီး ထိုသူကို ချက်ချင်းမှတ်မိသည်။ ထိုသူမှာ ကမ္ဘာကျော်သူရဲကောင်းတစ်ဦးဖြစ်သည်။ အခြားခရီးသည်များက သူ့အား လက်ဆွဲနှုတ်ဆက်ကြပြီး လေယာဉ်မှူးက လွန်ခဲ့သည့်အချိန်များက သူ၏စွမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထိုသူရဲကောင်းကြီး အဘယ့်ကြောင့် စိတ်ပျက်အားငယ်နေပါသနည်း။

ပရောဖက်ဧလိယသည် ဗာလပရောဖက် ၄၅၀ ကို သတ္တိရှိစွာနှင့် တစ်ကိုယ်တော် ချေမှုန်းအောင်မြင်ခဲ့သည် (၃ ရာ ၁၈)။ စင်စစ် သူတစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင် အစဉ်ပါရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် သူတစ်ဦးတည်းဖြစ်နေသည်ဟု ခံစားရပြီး သူ့ အသက်ကို နှုတ်ယူရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့သည်။

ဘုရားသခင်သည် သူ့မျက်မှောက်တော်သို့ခေါ်ဆောင်ခြင်း၊ အစေခံရန် လူသစ်များပေးခြင်းဖြင့် ဧလိယ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။ သူသွား၍ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၊ ရေဟုကို ဣသရေလရှင်ဘုရင်အရာနှင့် ဧလိရှဲကို သူ၏ကိုယ်စား ပရောဖက်အရာ၌ ဘိသိက်ပေးရမည်ဖြစ်သည်(၁၉:၁၅-၁၆)။ ဧလိယသည် ရည်ရွယ်ချက်အသစ်နှင့် အားအင်ပြည့်လျက် လန်းဆန်းသွားကာ သူ့နေရာကို ဆက်ခံမည့်သူအားတွေ့ရှိ ပြီး တာဝန်လွှဲပြောင်းခဲ့သည်။

သင့်အောင်မြင်မှုများက နောက်မှာ ကျန်ခဲ့ကောင်းကျန်ခဲ့မည်။ ဘဝ၏ အထွဋ်အထိပ်သို့ ရောက်ခဲ့သည် (သို့) တစ်ခါမှ မရောက်ခဲ့ဘူးဟု သင်ခံစားရကောင်း ခံစားရပေလိမ့်မည်။ အရေးမကြီးပါ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ တိုက်ပွဲ မပြင်းထန်သော်လည်း၊ စွန့်စားရမှုနည်းသော်လည်း သင့်ကို လိုအပ်နေသူများ ရှိနေပါသည်။ ယေရှုနာမကိုထောက်ပြီး အစေခံပါ။ အကျိုးရှိလိမ့်မည်။ သင် တည်ရှိနေရသည့် အကြောင်းရင်းမှာ ထိုသူတို့အတွက်ဖြစ်သည်။ MIKE WITTMER