နေဝင်ပြီးအချိန်အတော်ကြာမှ လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် ကျွန်တော့် သားသမီးငယ်နှစ်ဦးနှင့် အိမ်တွင်ရှိနေခဲ့ပြီး ၎င်းတို့မှာ လျှပ်စစ်မီးပျက်ခြင်းကို ပထမဆုံးတွေ့ကြုံရခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားဖြန့်ဝေသည့်ကုမ္ပဏီသို့ မီးပျက်ခြင်းကို အကြောင်းကြားလိုက်ပြီး ဖယောင်းတိုင်ထွန်းညှိကာ မှိတ်တုတ် မှိတ်တုတ် လင်းနေသည့် မီးတောက်ပတ်လည်တွင် ကျွန်တော်နှင့်ကလေးများ စုပြုံတိုးဝှေ့နေလိုက်ကြသည်။ သူတို့ ကြောက်ရွံ့ပြီး ဂနာမငြိမ်ဖြစ်နေသဖြင့် ကျွန်တော်တို့ သီချင်းစတင်ဆိုကြသည်။ မကြာမီ သူတို့မျက်နှာပေါ်မှစိုးရိမ်ပူပန်မှုများတွင် အပြုံးများက အစားထိုးဝင်လာသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့၏ အမှောင်ဆုံးအချိန်များအတွက် သီချင်းတစ်ပုဒ်လိုအပ်ပါသည်။

ဆာလံ ၁၀၃ သည် တိုင်းတစ်ပါးမှ စွန့်ပစ်ခံအမိမြေသို့ ဘုရားသခင်၏ လူများ ပြန်ရောက်သည့်နောက်တွင် ဆုတောင်းသီဆိုသောဆာလံသီချင်း ဖြစ်သည်။ အကြပ်အတည်းနှင့်ကြုံရချိန်တွင် သူတို့သီချင်းသီဆိုရန် လိုအပ် သည်။ ဆိုချင်ရာဆိုရန် မဟုတ်ဘဲ ဘုရားသခင်မည်သူဖြစ်သည်၊ ကိုယ်တော် မည်သည့်အရာများ ပြုသည်ကို သီဆိုရန်ဖြစ်သည်။ ကိုယ်တော်သည် သနား ကြင်နာကြောင်း၊ ကရုဏာကြွယ်ဝကြောင်း၊ စိတ်ရှည်ပြီး သစ္စာတည်‌သော မေတ္တာနှင့်ပြည့်ဝကြောင်းကို ကျွန်ုပ်တို့သတိရရန် ဆာလံ ၁၀၃ က ကူညီပေး သည်(:၈)။ ကျွန်ုပ်တို့အပြစ်အတွက် တရားစီရင်ခံရမည့်အရေးကို စဉ်းစားမိ ချိန်တွင် ဘုရားသခင်အမျက်မထွက်၊ ကိုယ်တော် ခွင့်လွှတ်ကြောင်း၊ ကြင်နာ နားလည်ကြောင်း ဆာလံဆရာက ကြွေးကြော်သည်။ ၎င်းသည် အသက်တာ ၏အမှောင်ညများတွင် သီဆိုသင့်သောသီချင်းဖြစ်သည်။

ဘုရားသခင်အမှန်တကယ်ကောင်းမြတ်ပါသလား။ သင့်အပေါ်ထားသော ကိုယ်တော်၏မေတ္တာကို သံသယဖြစ်လျက် မှောင်မိုက်၍ခက်ခဲသောနေရာ၌ သင်ရောက်ကောင်း ရောက်နေမည်။ သို့ဆိုလျှင် ချစ်မေတ္တာတော်နှင့် ကြွယ်ဝ သောအရှင်ကို ချီးမွမ်းသီဆိုပတ္ထနာပြုကြပါစို့။ GLENN PACKIAM