နှစ်သစ်ကူးအကြိုညတွင် မြို့များနှင့် ကမ္ဘာတစ်ဝန်းမှမြို့တော်များတွင် မီးရှူးမီးပန်း ပစ်ဖောက်ကြရာ ဆူညံသံများက ကျယ်လောင်လှသည်။ ဖြာထွက်ပေါက်ကွဲသော မီးရှူးမီးပန်းများက လေထုကို နှစ်ခြမ်းခွဲသည့်သဘာဝရှိကြောင်း ထုတ်လုပ်သူများက ပြောပါသည်။ ဆင့်ကာဆင့်ကာပေါက်ကွဲသည့် မီးရှူးမီးပန်းများက အသံ အကျယ်ဆုံး ဖြစ်ပြီး အထူးသဖြင့် မြေကြီးနှင့်နီးလျှင် ပို၍ကျယ်လောင်စွာ ပေါက်ကွဲသည်။

ဒုက္ခအခက်အခဲများသည်လည်း ကျွန်ုပ်တို့၏နှလုံးသား၊ စိတ်နှင့် မိသားစုများ ကြားတွင် ကျယ်လောင်စွာပေါက်ကွဲနိုင်သည်။ ဘဝ၏မီးရှူးမီးပန်းများဖြစ်သည့် မိသားစုအရေးရုန်းကန်ရခြင်း၊ ပေါင်းသင်းဆက်ဆံရေးပြဿနာ၊ အလုပ်မှစိန်ခေါ် မှုများ၊ ငွေကြေးအခက်အခဲနှင့် အသင်းတော်ပြဿနာများသည်ပင်လျှင် စိတ် ခံစားမှုလေထုကို တစ်ဂျိမ်းဂျိမ်းမြည်စေသည့်ပေါက်ကွဲမှုကဲ့သို့ ခံစားရစေနိုင်သည်။

သို့သော် ထိုဆူညံသံများကြားမှ ဆွဲထုတ်သောအရှင်ကို ကျွန်ုပ်တို့သိသည်။ ခရစ်တော်သည် “ကျွန်ုပ်တို့၏ငြိမ်သက်ခြင်း”ဟု ရှင်ပေါလုရေးသားထားသည် (ဧ ၂:၁၄)။ သခင့်ရှေ့တော်၌ ကျွန်ုပ်တို့တည်နေသောအခါ ကိုယ်တော်၏ ငြိမ်သက်ခြင်းက မည်သည့်အနှောင့်အယှက်အတားအဆီးထက်မဆို ပို၍ကြီးပြီး စိုးရိမ်မှု၊ နာကျင်မှုများနှင့် စိတ်ဝမ်းကွဲမှု ဆူညံသံများကို တိတ်ဆိတ်စေသည်။

၎င်းသည် ဂျူးနှင့်တစ်ပါးအမျိုးသားများအတွက်ပါ တန်ခိုးနှင့်ပြည့်စုံသော အာမခံချက်ဖြစ်ခဲ့လိမ့်မည်။ ယခင်က သူတို့သည် “မျှော်လင့်ခြင်းမရှိ … ဘုရားမဲ့ နေကြသည်”(:၁၂)။ ယခုတွင် ညှဥ်းပန်းနှိပ်စက်မှု၊ စိတ်ဝမ်းကွဲပြားမှုက သူတို့ကို ခြောက်လှန့်နေသည်။ သို့သော် ခရစ်တော်၌ အထံတော်သို့ ခေါ်ယူခြင်းခံရပြီး အသွေးတော်အားဖြင့် တစ်ဦးနှင့်တစ်ဦး အနီးသို့ရောက်ကြပြီ။ “ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်းဖြစ်သည်။ …. ပိုင်းခြားလျက်ရှိသော အုတ်တံတိုင်း နံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်း ဖြစ်စေတော်မူ၏”(:၁၅)။

မတည်ငြိမ်မှုများ၊ လောကတွင် အမြဲတွေ့ကြုံရသည့် စိတ်ဝမ်းကွဲမှုများကြား နှစ်သစ်ကိုအစပြုရာတွင် ဘဝ၏ဆူညံသော စုံစမ်းနှောင့်ယှက်ခြင်းများမှဝေးကွာပြီး အစဉ်တည်သောငြိမ်သက်ခြင်းကို ရှာဖွေပါ။ သခင်သည် ဆူညံပေါက်ကွဲမှုများကို တိတ်ဆိတ်စေပြီး ကျွန်ုပ်တို့ကို ချမ်းသာစေပါသည်။ PATRICIA RAYBON