နယူးယောက်တိုင်းမ်စကွဲရင်ပြင်တွင် ပူဖောင်းများလွတ်ခြင်း၊ Big Ben နာရီသံအတိုင်း နောက်ပြန်ရေတွက်နေသော လူအုပ်ကြီး၊ ဆစ်ဒနီ ဆိပ်ကမ်း၌ မီးရှုးမီးပန်းဖောက်ခြင်း မည်သို့ပင်ဆင်နွှဲနေပါစေ နှစ်သစ်ကိုကြိုဆိုရခြင်းနှင့် သစ်လွင်သောအစပြုခြင်းအတွက် အမြဲပင် စိတ်လှုပ်ရှားရသည်။ နှစ်သစ်တွင် ကျွန်ုပ်တို့သည် မသေချာမရေရာသော အခြေအနေထဲသို့ မိမိကိုယ်ကို တွန်းပို့နေကြသည်။ မည်သို့‌သော ခင်မင်ရင်းနှီးမှုနှင့် အခွင့်အရေးများကို ကျွန်ုပ်တို့တွေ့ရမည်နည်း။

မည်သို့ပင်စိတ်လှုပ်စရာကောင်းနေပါစေ နှစ်သစ်၌ နေသားမကျ ဖြစ်နေတတ်ပါသည်။ ရှေ့ဘာဖြစ်မည်၊ မည်သည့်မုန်တိုင်းများရှိနေမည်ကို မည်သူမျှ မသိပါ။ တရုတ်ပြည်က စတင်တီထွင်ခဲ့သော မီးရှုးမီးပန်းများသည် မကောင်းသောနတ်ဆိုးများကိုနှင်ထုတ်ရန်နှင့် တိုးပွားချမ်းသာစေသောနှစ်သစ်ဖြစ်စေရန် ရည်ရွယ်သည်။ ၎င်းသည် ရှေးက နတ်ဘုရားများ စိတ်ကျေနပ်အောင် ဝန်ခံကတိပြုသည့် ဗာဗုလုန်နိုင်ငံသားများ၏အလေ့အထဖြစ်သည်။ ထိုလုပ်ရပ်များသည် မသိနိုင်သော အနာဂတ်ရေးအတွက် လုံခြုံစိတ်ချမှုရှိရန် ကြိုးစားလုပ်ဆောင်သောအရာများဖြစ်သည်။

သို့သော် ထိုသို့ကတိသစ္စာမပြုချိန်မှာပင် ဗာဗုလုန်တို့သည် ဣသရေလ အပါအဝင် အခြားသူများကို အောင်နိုင်နေသည်။ ထိုအချိန်တွင် ဘုရားရှင်က ကျွန်ခံနေရသောဂျူးလူမျိုးများအား “မစိုးရိမ်နှင့် သင်သည် ရေကိုလျှောက်သွားသောအခါ သင်နှင့်အတူငါရှိ၏” (ဟေရှာ ၄၃:၁-၂) ဆိုသော သတင်းစကားကို မိန့်ခဲ့သည်။ နောက်ပိုင်း တပည့်တော်များအတူ အိုင်တစ်ဘက်သို့ကူးစဉ် ပြင်းထန်သော မုန်တိုင်းနှင့်ရင်ဆိုင်ရသောအခါတွင်လည်း အလားတူစကားကို သခင်ယေရှု မိန့်ခဲ့သည်။ “အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်ကိုဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏”(မ ၈:၂၃-၂၇)။

ယနေ့ ကျွန်ုပ်တို့သည် ကမ်းပါးမှနေ၍ အတိမ်အနက်မသိသောရေထဲသို့ ဆင်းသွားကြပါပြီ။ မည်သည့်အရာနှင့်မဆိုရင်ဆိုင်နေရပါစေ မုန်တိုင်းကို ငြိမ်းစေသော တန်ခိုးရှိသည့်ဘုရားရှင်သည် ကျွန်ုပ်တို့နှင့်အတူရှိနေပါသည်။ SHERIDAN VOYSEY