ခရစ်ယာန်အစည်းအဝေးတစ်ခုတွင် မနက်စာ ဘူဖေးစားရန် တန်းစီစောင့်နေစဉ် အမျိုးသမီးတစ်စု ထမင်းစားခန်းထဲသို့ဝင်လာသည်။ ကျွန်မနောက်မှာ တန်းစီသည့်အမျိုးသမီးကို ကျွန်မပြုံးပြလိုက်ပြီး မင်္ဂလာပါဟု နှုတ်ဆက်လိုက်ရာ သူမက “ကျွန်မရှင့်ကိုသိတယ်” ဟုပြန်ပြောပါသည်။ ကြက်ဥမွေကြော်ကိုခပ်ထည့်ရင်း ဘယ်မှာဆုံခဲ့ပါလိမ့်ဟု ကြိုးစား၍အဖြေရှာမိသည်။ သို့သော် ကျွန်မစိတ်၌ တစ်ယောက်ယောက်နှင့် အမှတ်မှားခြင်းဖြစ်မည်ဟု သေချာနေခဲ့သည်။

နေ့လည်စာစားချိန်တွင်လည်း ထိုအမျိုးသမီး ကျွန်မထံချဉ်းကပ်လာပြီး “ရှင် ကားအဖြူမောင်းတယ်မဟုတ်လား” ဟုမေးပါသည်။ ကျွန်မလည်း ပုခုံးတွန့်ပြပြီး “မောင်းခဲ့ဖူးတယ်။ ကြာပါပြီ” ဟု ပြန်ဖြေလိုက်သည်။

သူမက ရီလိုက်ပြီး “မူလတန်းကျောင်းနားကမီးပွိုင့်မှာ တို့တွေ မနက်တိုင်းနီးပါး ပွိုင့်မိဖူးတယ်လေ။ ရှင်က လက်တွေမြောက်ပြီး ပျော်ရွှင်စွာနဲ့ သီချင်းအမြဲဆိုတော့ ဘုရားကို ချီးမွမ်းကိုးကွယ်နေတာလို့ ကျွန်မတွေးခဲ့တယ်။ ကျွန်မမှာ ရှင်နဲ့အတူ သီချင်းဆိုချင်တဲ့စိတ် ဖြစ်ခဲ့တယ်။ ခက်ခဲတဲ့နေ့တွေမှာတောင်ပေါ့” ဟု ပြောပြသည်။ ဘုရားရှင်ကို ချီးမွမ်းလျက် အတူဆုတောင်းပြီး ကျွန်မတို့တစ်ဦးနှင့် တစ်ဦး ပွေ့ဖက်မိသည်။ ထိုနောက် နေ့လည်စာကို မြိန်ရှက်စွာ စားသုံးကြသည်။

ယေရှု၏နောက်တော်လိုက်များသည် မည်သူမျှကြည့်မနေဟု ထင်နေချိန်မှာပင် မည်သို့ပြုမူနေထိုင်နေသည်ကို လူတို့သတိပြုမိကြောင်း ကျွန်မ၏ မိတ်ဆွေသစ်က အတည်ပြုပြောနေသည်။ ဝမ်းမြောက်စွာကိုးကွယ်ခြင်းဘဝပုံစံကို ရှင်သန်နေပါက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဘုရားရှေ့မှောက်သို့ အချိန်မရွေး နေရာမရွေး တိုးဝင်နိုင်သည်။ တည်မြဲသော ဘုရားမေတ္တာနှင့် သစ္စာတော်တို့ကို သိမှတ်လျက် ဘုရားနှင့်ရင်းနှီးသောမိတ်သဟာယကို ပျော်ရွှင်ခံစားနိုင်သလို ဆက်လက်ကရုပြုနေခြင်းအတွက်လည်း ကျေးဇူးတင်နိုင်ပါသည် (ဆာ ၁၀၀)။ ကားထဲ၌သီချင်းဆိုခြင်း၊ လူကြားထဲ၌ ဆုတောင်းခြင်း၊ ကြင်နာသောအပြုအမူဖြင့် ဘုရားမေတ္တာကို ဝေငှခြင်းအားဖြင့်၊ အခြားသူများ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းရန် (:၄) ကျွန်မတို့တိုက်တွန်းနိုင်ပါသည်။ XOCHITL DIXON