အားလပ်ရက်၌ဆုံပြီး ကျွန်မအိမ်၌ စားသောက်ကြပြီးနောက် လူတိုင်းအတွက် ပြင်ဆင်ထားသည့် သကြားလုံး၊ သေးငယ်သောကစားစရာများပါသည့် ရောင်စုံ စက္ကူစများနှင့်လက်ဆောင်ထုပ်ကို ဖောက်သည်။ ထိုအထဲတွင် လူတိုင်းအတွက် စက္ကူသရဖူများလည်း ပါရှိသည်။ မဆောင်းရမနေနိုင်ဘဲ သရဖူများဆောင်းကာ စားပွဲတွင်ဝိုင်းထိုင်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် ပြုံးလိုက် ကြသည်။ ခဏတာအတွက်တော့ ကျွန်မတို့သည် ညနေစာ အကြွင်းအကျန်အမှိုက် များနှင့် ထမင်းစားခန်းနိုင်ငံ၏ဘုရင်နှင့်ဘုရင်မများ ဖြစ်နေပါသည်။

၎င်းသည် ကျွန်မဆင်ခြင်လေ့မရှိသော သမ္မာကျမ်းစာမှ ကတိတော်တစ်ခုကို အမှတ်ရစေပါသည်။ နောင်ဘဝတွင် ယုံကြည်သူများသည် သခင်ယေရှုနှင့်အတူ စိုးစံရမည်ဖြစ်သည်။ ထိုအချက်ကို ၁ ကော ၆ တွင် “သန့်ရှင်းသူတို့သည် လောကီ နိုင်ငံကို တရားစီရင်မည်ဟု မသိကြသလော”(:၂)ဟု ရှင်ပေါလုမေးကာ ဖော်ပြ ထားသည်။ အနာဂတ်တွင်ရရှိမည့်အခွင့်ထူးကို ရှင်ပေါလုဖော်ပြရခြင်းမှာ ယုံကြည်သူများအား လောကတွင် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုသောကြောင့် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တရားစွဲဆိုခြင်း၏ နောက်ဆက်တွဲ အကျိုးအပြစ်အနေဖြင့် သူတို့နေထိုင်သောရပ်ကွက်ဝန်းကျင်ရှိ အခြားသောယုံကြည်သူများ၏ဂုဏ်အသရေ ထိခိုက်ရသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲ၌ စိတ်ရှည်ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြုစုပေးနေသောကြောင့် ပြဿနာ ပဋိပက္ခများ ဖြေရှင်းခြင်းအမှုကို ကျွန်ုပ်တို့ကျွမ်းကျင်လာကြသည်။ လောကသို့ သခင်ယေရှုပြန်ကြွလာပြီး ကျွန်ုပ်တို့အသက်တာ၌ ပြုစုသည့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပြီးစီးစေသောအခါ (၁ ယော ၃:၂-၃) ကျွန်ုပ်တို့၏နောက်ဆုံးတာဝန်ဖြစ်သော “အကျွန်ုပ်တို့၏ဘုရားသခင်ရှေ့မှာ ရှင်ဘုရင်အရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်”အတွက် အဆင့်သင့်ဖြစ်နေကြလိမ့်မည်(ဗျာ ၅:၁၀)။ ရွှေသရဖူထဲ၌ မြှုပ်ထားသောစိန်တုံးကဲ့သို့ သမ္မာကျမ်းစာ၌ တောက်ပနေသော ထိုကတိတော်ကို စွဲကိုင်ထားကြပါစို့။ JENNIFER BENSON SCHULDT