ချမ်းအေးသည့်ဆောင်းတစ်ည၌ မွန်တာနာပြည်နယ်၊ ဘေးလင်း(စ)မြို့တွင် ဂျူးလူမျိုးတို့၏ဟန်နုကာမီးထွန်းပွဲတော်အတွက် ဖယောင်းတိုင် ၈ တိုင် ထွန်းသည့် မယ်နိုးရာမီးတိုင်နှင့် ဒါဝိဒ်၏ကြယ်တို့ ခင်းကျင်းထားသည့် ဂျူးကလေးငယ်၏ အိပ်ခန်းပြတင်းမှန်ကို လူတစ်ဦးက ကျောက်တုံးကြီးဖြင့် ပစ်ခွဲလိုက်သည်။ အိမ်နီးချင်းဂျူးများ၏ နာကျင်မှုနှင့်ကြောက်ရွံ့မှုကို ထပ်တူခံစားရကြောင်း ပြသသည့်အနေနှင့် ယေရှုကိုယုံကြည်သူအများစုပါဝင်သည့် ထောင်ချီသည့် လူများစွာက သူတို့၏ပြတင်းပေါက်များ၌ မယ်နိုးရာ မီးတိုင်ပုံများကို ကပ်ထား ပြီး ရွံ့မုန်းဖွယ်လုပ်ရပ်အပေါ် ကရုဏာမေတ္တာဖြင့် တုံ့ပြန်ခဲ့သည်။

သခင်ယေရှုကို ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့လည်း ကြီးမြတ်သော မေတ္တာကရုဏာကို ရရှိခဲ့ပါသည်။ ကယ်တင်ပိုင်ရှင်သည် ကျွန်ုပ်တို့နှင့်အတူ နေထိုင်ရန် (ယော ၁:၁၄) ကျွန်ုပ်တို့နှင့်ထပ်တူပြုလျက် သူ့ကိုယ်ကို နှိမ့်ချခဲ့သည်။ “ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍… မိမိ၏အသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်”ခဲ့သည်(ဖိ၂ :၆-၇)။ ထို့နောက် ကျွန်ုပ်တို့နှင့်ထပ်တူခံစားသည်။ ငိုကြွေးသည်။ ထို့နောက် ကျွန်ုပ်တို့ အသက်ကိုကယ်တင်ရန် သူ့အသက်ကိုစွန့်၍ ကားတိုင်ပေါ် အသေခံခဲ့သည်။

ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင် မသိရှိမခံစားဖူးသော ကျွန်ုပ်တို့၏ရုန်းကန် ရမှုမျိုး တစ်ခုမှမရှိပါ။ တစ်စုံတစ်ဦးက ကျွန်ုပ်တို့၏ဘဝများကို ‘ခဲနှင့်ပေါက်’ ပါက သခင်က နှစ်သိမ့်ပေးသည်။ ဘဝ၌ စိတ်ဓာတ်ကျမှုများ ကြုံလာပါက စိတ်ပျက်အားငယ်ရသည့်တစ်လျှောက်လုံး ကျွန်ုပ်တို့နှင့်အတူ လျှောက်လှမ်း ပေးသည်။ “ထာဝရဘုရားသခင်သည် မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား အဝေးက သိတော်မူ၏” (ဆာ ၁၃၈:၆)။ ကျွန်ုပ်တို့၏အခက်အခဲပြဿနာများထဲတွင် သခင်သည် “လက်တော်ကိုဆန့်လျက် ရန်သူတို့၏အမျက်ဒေါသ”(:၇)နှင့်၊ အနက်ရှိုင်းဆုံးကြောက်ရွံ့မှုများမှ ကျွန်ုပ်တို့ကို ကွယ်ကာသည်။ ကိုယ်တော်၏ သနားကရုဏာမေတ္တာတော်အတွက် ကျေးဇူးတင်ပါ၏။ PATRICIA RAYBON