တစ်နေ့တွင်အလုပ်မှအိမ်ပြန်ခါနီး “အဝေးပြေးလမ်းမကြီးပေါ်က မသွားနဲ့” ဟု သမီးက ဖုန်းဖြင့် ကျွန်ုပ်ကိုစာပို့လာသည်။ လမ်းမကြီးမှာ ကားရပ်နားစခန်းပမာဖြစ်နေသည်။ အခြားလမ်းမှသွားရန် ကြိုးစားခဲ့သော်လည်း ကားကြပ်လွန်း၍ လက်လျော့လိုက်သည်။ အိမ်ပြန်ရောက်အောင် နေအတော်စောင်းသည်ထိ စောင့်ရမည့်ကိန်းရှိသည့်အတွက် ဆန့်ကျင်ဘက်အရပ်၊ ကျွန်ုပ်၏မြေးမလေး ဝင်ရောက်ယှဥ်ပြိုင်သည့် အားကစားပွဲဆီသို့ ကားမောင်းထွက်ခဲ့သည်။

အိမ်သို့ပြန်ရောက်နိုင်မည့် လမ်းတစ်လမ်းမှမရှိကြောင်း သိရခြင်းက မည်သည့်လမ်းမဆိုသည် ဘုရားသခင်နှင့်ထာဝရဆက်နွယ်မှုကို ပို့ဆောင်ပေးနိုင် သည်ဟု ပြောတတ်သည့်လူများအကြောင်းကို ကျွန်ုပ်စဉ်းစားမိသည်။ သနားကြင်နာခြင်းနှင့် ကောင်းသောအကျင့်နည်းလမ်းက ဘုရားထံပို့ဆောင် ပေးမည်ဟု လူအချို့တို့ ယုံကြည်ကြသည်။ အချို့ကလည်း ဘုရားတရား ကိုင်းရှိုင်းသည့် နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြသည်။

ထိုနည်းလမ်းများကို အမှီပြုသော်လည်း ၎င်းသည် ဆုံးရှုံးခြင်းဆီသို့သာ ပို့ဆောင်သည်။ ဘုရားသခင်၏ထာဝရမျက်မှောက်တော်သို့ရောက်အောင် သွားနိုင်သည့်လမ်း တစ်လမ်းတည်းသာရှိသည်။ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” (ယော ၁၄:၆) ဟု မိန့်ကြားရာ၌ ဤအချက်ကို သခင်ယေရှု ရှင်းရှင်းလင်းလင်းသိစေသည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့် ယနေ့နှင့်ထာဝရကာလအတွက် ကိုယ်တော်ပြင်ဆင်ပေးသည့် စစ်မှန်သော အသက်တာရရှိရန်၊ ခမည်းတော်ဘုရား၏အိမ်တော်သို့ ဝင်ရောက်နိုင်မည့်
လမ်းကို ဖွင့်ပေးရန် သူအသေခံမည့်အကြောင်း သခင်ယေရှု ဖော်ပြနေသည်။

ဘုရားသခင့်ထံပါးသို့ မရောက်နိုင်သော ပိတ်ဆို့နေသည့် လမ်းမကြီးကို ကျော် သွားလိုက်ပါ။ ၎င်းအစား ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပါ။ အကြောင်းမူကား “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ” သောကြောင့်ဖြစ်သည်(ယော ၃:၃၆)။ သခင့်ကို ယုံကြည်ပြီးသူများအနေနှင့်လည်းကိုယ်တော် ပြင်ဆင်ပေးသည့်နည်းလမ်းအပေါ် စိတ်ချနိုင်ပါသည်။ DAVE BRANON