သူတို့၏သားဦး၌ အော်တစ်ဇင်(အထီးကျန်စိတ်ဝေဒနာ) လက္ခဏာရှိကြောင်း ဆရာဝန်များစစ်ဆေးတွေ့ရှိပြီးနောက် ဒါယန်းဒိုကိုကင်နှင့် ခင်ပွန်းတို့သည် ဉာဏ်ရည်မသန်စွမ်းကလေးကို တစ်သက်လုံးစောင့်ရှောက်ရမည့်အရေးအတွက် ဝမ်းနည်းခဲ့သည်။ ချစ်သားလေး၏အနာဂတ်အတွက် သူတို့၏အိပ်မက်၊ မျှော်လင့်ချက်များကို ပြောင်းလျက် ရုန်းကန်ခဲ့ရမှုကို Unbroken Faith စာအုပ်၌ သူဝန်ခံထားသည်။ သို့သော် နာကျင်မှုဖြစ်စဉ်တစ်လျှောက်လုံး ဘုရားသခင်သည် သူတို့၏ဒေါသ၊ သံသယနှင့်ကြောက်ရွံ့မှုများကို ဖြေရှင်းပေးခဲ့ကြောင်း သူတို့ သင်ယူခဲ့ရသည်။ ယခု သားလေးအရွယ်ရောက်လာချိန်၌ သူ့အတွေ့အကြုံ များကို အသုံးချကာ အထူးဂရုစိုက်မှုလိုသောကလေးများ၏ မိဘများကို ဒါယန်း အားပေးမစသည်။ ဘုရား၏မပျက်ကွက်သည့်ကတိတော်၊ အကန့်သတ်မဲ့ တန်ခိုးတော်၊ မေတ္တာနှင့်သစ္စာတော် တို့ကို ပြောပြလျက် ဘဝလမ်းတစ်ကွေ့ကွေ့၌ အိပ်မက်နှင့်မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားပါက ဝမ်းနည်းကြေကွဲမှုကိုခံစားရရန် ဘုရားရှင် အခွင့်ပေးကြောင်း သူအခိုင်အမာ ပြောပြ၏။

ဟေရှာယ ၂၆ ၌ “ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာဖြစ်တော်မူ”၍ (:၄) ဘုရား၏လူများအဖို့ ကိုယ်တော်ကို အစဉ်ကိုးစားနိုင်ကြောင်း ပရောဖက်ကြီး ပြောထားသည်။ အခြေအနေအရပ်ရပ်၌ ကျွန်ုပ်တို့ခံရပ်နိုင်အောင် လူတို့ မကြံစည်နိုင်သော ငြိမ်သက်ခြင်းကိုပေးရန် သခင်တတ်နိုင်သည် (:၁၂)။ ပြဿနာ ကြုံရချိန်၌ ကိုယ်တော်၏မပြောင်းလဲသောသဘောတော်၌အာရုံပြုပြီး သူ့ထံ ဟစ်ခေါ်ခြင်းက ကျွန်ုပ်တို့၏မျှော်လင့်ခြင်းကို ပြန်လည်ရှင်သန်စေပါ၏ (:၁၅)။

ဆုံးရှုံးမှု၊ စိတ်ဓာတ်ကျခြင်း၊ ခက်ခဲသည့်အခြေအနေကို ရင်ဆိုင်ရချိန်တွင် ဘုရားသခင်က ကျွန်ုပ်တို့အား သူနှင့်ရိုးသားပွင့်လင်းမှုရှိရန် ဖိတ်ခေါ်သည်။ အစဉ် ပြောင်းလဲနေသည့် ကျွန်ုပ်တို့၏စိတ်ခံစားချက်နှင့်သံသယများကို ကိုယ်တော် ဖြေရှင်းပေးနိုင်သည်။ ကျွန်ုပ်တို့နှင့်ကိုယ်တော်အတူရှိပြီး ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်ကို တည်မြဲသည့်မျှော်လင့်ခြင်းဖြင့် လန်းဆန်းစေသည်။ ကျွန်ုပ်တို့၏ ဘဝ တစ်စစီပြိုကွဲနေသည်ဟု ခံစားရချိန်၌ပင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း မပျက်ပြားအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ XOCHILT DIXON