လွန်ခဲ့သောနှစ်ပေါင်းများစွာက အနောက်အာဖရိက၌ နေထိုင်သော ဗြိတိသျှလူမျိုး ဇနီးမောင်နှံတို့သည် သူတို့မြို့၌ နေထိုင်သူတစ်ဦးနှင့် ခိုင်မာသောရင်းနှီးမှုရှိခဲ့ပြီး သခင်ယေရှု၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတရားကို သူ့အား ဝေမျှ ပြောပြ ခဲ့သည်။ သို့သော် ခရစ်တော်၌ယုံကြည်ခြင်းသည် သာ၍ကြီးမြတ်သော အမှန်တရားဖြစ်ကြောင်းကို ထိုမိတ်ဆွေသိသော်လည်း အခြားဘာသာအတွက် သူတစ်သက်လုံးသစ္စာရှိခဲ့သည့်ဘာသာကို စွန့်လွှတ်ရန် တွန့်ဆုတ်ခဲ့သည်။ သူ၏စိုးရိမ်မှုတစ်စိတ်တစ်ပိုင်းမှာ ငွေကြေးကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ဘာသာရေးတွင် ခေါင်းဆောင်တ‌‌စ်ဦးဖြစ်ပြီး ရရှိသည့်ဝင်ငွေ အပေါ်တွင် သူမှီခိုနေရသည်။ ထို့ပြင် သူသည် သူ၏ရပ်ရွာအသိုင်းအဝန်းတွင် သူ၏ဂုဏ်သိက္ခာဆုံးရှုံး မည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။

၀မ်းနည်းစွာဖြင့် သူက “ကျွန်တော်ဟာ စမ်းချောင်းထဲမှာ လက်နဲ့ငါးဖမ်း နေတဲ့လူလိုပဲ။ လက်ထဲမှာ ငါးသေးသေးလေးတစ်ကောင် ဖမ်းမိထားတယ်။ ဒါပေမဲ့ ငါးကြီးတစ်ကောင်က ဖြတ်ကူးသွားတော့ ငါးကြီးကိုဖမ်းဖို့အတွက် ပိုသေးတဲ့ငါးလေးကို ကျွန်တော်လက်လွှတ်လိုက်ရတယ်”ဟု သူရှင်းပြခဲ့သည်။

ရှင်မဿဲရေးသားသည့် မဿဲ ၁၉ မှ ချမ်းသာသောလူရွယ်တစ်ဉီး၌လည်း အလားတူပြသနာရှိခဲ့သည်။ သူသည် သခင်ယေရှုထံသို့ချဉ်းကပ်ပြီး “ထာဝရ အသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်း ဟုမေးလျှောက်”ခဲ့သည်(:၁၆)။ ရိုးသားသောစိတ်ရင်းဖြင့်မေးသည်ဟုထင်ရသော်လည်း သူ၏အသက်တာကို သခင်ယေရှုထံသို့ အကြွင်းမဲ့အပ်နှင်းရန် မလိုလားခဲ့ပေ။ သူ၌ ငွေကြေးကြွယ်ဝသည်သာမက ပညတ်တော်ကို နာခံ လိုက်လျှောက်သူအနေဖြင့် ဘဝင်မိုးထိုးလျက် မာန်မာနလည်း ကြီးသည်။ သူသည် ထာ၀ရအသက်ကို အလိုရှိသော်လည်း အခြားအရာကိုပိုချစ်သဖြင့် ခရစ်တော်၏စကားတော်ကိုငြင်းပယ်ခဲ့သည်။

စိတ်နှိမ့်ချလျက် မိမိအသက်တာကို သခင်ယေရှုထံအပ်နှံကာ ကယ်တင်ခြင်းဆုကျေးဇူးကို ကျွန်ုပ်တို့လက်ခံသောအခါ သခင်က “ငါ့နောက်သို့ လိုက်လော့” (:၂၁) ဟု ကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မူသည်။ CINDY HESS KASPER