၁၉ ရာစု ပြင်သစ် လူမှုရေးနှင့်နိုင်ငံရေးပြောင်းလဲမှုအတွင်း ကဗျာနှင့်၀တ္ထုရေးဆရာ ဗစ်တာဟူဂို(၁၈၀၂-၁၈၈၅)သည် သူ၏ Les Miserables ဂန္တ၀င်၀တ္ထုဖြင့် ထင်ရှားလူသိများခဲ့သည်။ ရာစုနှစ်တစ်ခုကျော်ကြာပြီးနောက် သူ့၀တ္ထုကို ဂီတ ရုပ်ရှင်အဖြစ်ဖန်တီးလိုက်ရာ ၎င်းသည် ကျွန်ုပ်တို့မျိုးဆက်၏အကျော်ကြားဆုံးသော ဖန်တီးထုတ်လုပ်မှုများအနက်မှ တစ်ခုဖြစ်ခဲ့သည်။ ၎င်းကို ကျွန်ုပ်တို့ မအံ့သြသင့်ပါ။ ဟူဂို ပြောခဲ့သလိုပင် “ဂီတဆိုသည်မှာ ပြောပြ၍မရသည့်အရာနှင့် နှုတ်ဆိတ်နေရန်လည်း မဖြစ်နိုင်သည့်အရာများကို ဖော်ပြပေးသည်။”

ဆာလံဆရာများလည်း သဘောတူပါလိမ့်မည်။ သူတို့၏သီချင်းများနှင့် ဆု‌တောင်းများတွင် ဘ၀၏ပုံရိပ်နှင့် ရှောင်လွှဲ၍မရသည့် နာကျင်မှုများကို ပကတိ အရှိတိုင်း ဖော်ပြပြီး သိနားလည်ရန် ခက်ခဲသည့်အမှုအရာများသို့ ကျွန်ုပ်တို့ကို ဆွဲခေါ်လျက် ထိတွေ့ဖော်ပြသည်။ ဥပမာအားဖြင့် ဆာလံ ၆:၆ တွင် ဒါဝိဒ်က “အကျွန်ုပ်သည် ညည်းတွား၍ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညဉ့်လုံး မျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏”ဟု အော်ဟစ်ခဲ့သည်။

နှုတ်ကပတ်တော်မှ လှုံ့ဆော်မှုပေးသောသီချင်းများ၌ ပါ၀င်သည့် ပကတိ ရိုးသားမှုကြီးသည် ကျွန်ုပ်တို့အတွက် ကြီးမားသောအားပေးမစမှုဖြစ်သည်။ ၎င်းသည် နှစ်သိမ့်အားပေးမှုနှင့် ကူညီမစမှုကိုပေးမည့် ကျွန်ုပ်တို့ကို ကြိုဆို နေသော ဘုရားသခင်ရှေ့တော်မှောက်သို့ မိမိ၏ရှက်ကြောက်စရာများကို ယူဆောင်လာရန် ခေါ်ဖိတ်သည်။ ကျွန်ုပ်တို့၏စစ်မှန်သောရိုးသားမှုအတိုင်း သခင်က ကျွန်ုပ်တို့ကို ထွေးပွေ့သည်။

စကားလုံးနှင့်ပြောပြရန် ခက်ခဲသည့် ကျွန်ုပ်တို့၏ခံစားချက်များကို တေးဂီတက ဖော်ပြပေးနိုင်စွမ်းရှိသည်။ သို့သော် ခံစားချက်ကို သီချင်းဆို၍ ဖြစ်စေ၊ ဆုတောင်း၍ဖြစ်စေ၊ တိတ်တဆိတ် ညည်းတွား၍ဖြစ်စေ၊ မည်သည့်ပုံစံဖြင့် ဖော်ပြပါစေ ဘုရားသခင်သည် ကျွန်ုပ်တို့နှလုံးသား၏ အနက်ရှိုင်းဆုံးသော နေရာများသို့ ဝင်ရောက်ပြီး သူ၏ငြိမ်သက်ခြင်းကို ပေးစွမ်းနိုင်ပါသည်။ BILL CROWDER