လူနှစ်ဦးသည် သူတို့၏အသက်မွေးဝမ်းကြောင်း အနုပညာအလုပ်ကို စွန့်ပြီး ဘုရားသခင် သူတို့ကို စေလွတ်သည်ဟုယုံကြည်သောနေရာများသို့ သွားရောက် အစေခံခဲ့ကြသည်။ James O. Fraser (၁၈၈၆-၁၉၃၈) သည် အင်္ဂလန်၌ ပြဇာတ်များတွင် စန္ဒယားတီးပေးသည့်အလုပ်ကို ဆက်မလုပ်တော့ဘဲ တရုတ်ပြည်ရှိ လီဆူလူမျိုးများအား အစေခံရန် ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင်
အမေရိကန်လူမျိုး Judson Van DeVenter (၁၈၅၅-၁၉၃၉) သည် အနုပညာအလုပ်ဆက်လုပ်မည့်အစား ဧဝံ‌ဂေလိဆရာအဖြစ်အစေခံရန် ရွေးချယ်ခဲ့သည်။ နောက်ပိုင်း သူသည် “ရှိသမျှစွန့်ခြင်းကျူး”ဓမ္မသီချင်းကို ရေးစပ်ခဲ့သည်။

လူများစွာတို့အတွက် အနုပညာအလုပ်သည် အကောင်းဆုံးဟု ထင်မြင်နေချိန်တွင် ဤလူနှစ်ဦးမှာ ဘုရားသခင်သည် အခြားသောအလုပ်တစ်ခုအတွက် ဤအသက်မွေးမှုကို စွန့်လွှတ်စေပြီး သူတို့ကို ရွေးကောက်သည်ဟုယုံကြည်‌ခဲ့သည်။ ငယ်ရွယ်သောသူကြွယ်အရာရှိငယ်အား ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး သူ့နောက်သို့လိုက်ရန် သခင်ယေရှုပြောခဲ့သည့်အဖြစ်အပျက်မှ ၎င်းတို့ လှုံ့ဆော်မှုခံရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည် (မာ ၁၀:၁၇-၂၅)။ ထိုသို့ ဖလှယ်ခြင်းသဘောကို မြင်ပြီး ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော့်နောက်သို့ လိုက်ကြပါပြီ”ဟုလျှောက်ခဲ့သည် (:၂၈)။ သူ့နောက်တော်လိုက်သူတို့အား အဆတစ်ရာသော အကျိုးနှင့် ထာ၀ရအသက်ကို ဘုရားသခင်ပေးမည်ဟု သခင် ယေရှု အာမခံခဲ့သည်။ သို့သော်လည်း ပညာတော်နှင့်အညီ ဘုရားရှင်ပေး လိမ့်မည်(:၃၀)။ “နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်” (:၃၁)။

ဘုရားသခင် ကျွန်ုပ်တို့ကို မည်သည့်နေရာထားထား အရေးမကြီးပါ။ အိမ်၊ ရုံး၊ ရပ်ကွက်၊ အဝေးတစ်နေရာရာ မည်သည့်နေရာဖြစ်ဖြစ် မိမိအသက်တာကို နေ့စဥ်ခရစ်တော်ထံဆက်ကပ်လျက် သူ့နောက်လိုက်ရန် သခင်၏ကြင်နာသော ခေါ်သံကို နာခံပြီး မိမိ၌ရှိသည့် စွမ်းရည်၊ စည်းစိမ်တို့ဖြင့် အစေခံရန် ကျွန်ုပ်တို့ ခေါ်ယူစေစားခံရသည်။ ကျွန်ုပ်တို့နာခံလုပ်ဆောင်သည့်အခါ သူ့အရေးကို ဦးစား ပေး ပြီး အခြားသူကိုချစ်အောင် ဘုရားရှင်မစပေးလိမ့်မည်။ AMY BOUCHER PYE