အန်ဒရူးသည် ဧဝံဂေလိတရားကို ပိတ်ပင်သည့်တိုင်းပြည်တွင် နေထိုင်သည်။ သူ၏ယံုကြည်ခြင်းကို မည်သို့လျှို့ဝှက်ထားသနည်းဟု ကျွန်ုပ်မေးသောအခါ သူက မလျှို့ဝှက်ထားပါဟု ဖြေသည်။ သူက သူ့ဘုရားကျောင်းကို ကြော်ငြာသည့် တံဆိပ်နှင့် အင်္ကျီကို အမြဲဝတ်ပြီး သူအဖမ်းခံရတိုင်း ရဲများအား သူတို့လည်း ဘုရားသခင်ကို လိုအပ်တယ် ဟု အမြဲပြောသည်။ အန်ဒရူးသည် သူ့ဘက်၌ မည်သူရှိသည်ကို သိသောကြောင့် သူ၌ ရဲရင့်ခြင်းစိတ်ရှိသည်။

ပရောဖက်ဧလိယသည်လည်း အာခဇိမင်းက သူ့ကို ဖမ်းရန် စစ်သားငါးကျိပ် စေလွှတ်ခဲ့စဉ်က ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိခဲ့ပါ (၄ ရာ ၁:၉)။ သူ့ဘက်၌ ဘုရားသခင်ရှိကြောင်း သူသိသဖြင့် ကောင်းကင်မှ မီးကျစေ၍ ထိုလူငါးကျိပ်ကို လောင်စေခဲ့သည်။ ရှင်ဘုရင်က ထပ်ပြီး စစ်သားများစေလွှတ်ရာ ဧလိယသည် ရှေးနည်းအတိုင်းပြုပြန်သည်။ ဘုရင်က တတိယအကြိမ်စေလွှတ်ပြန်ရာ တတိယမြောက်တပ်မှူးသည် ရှေ့ကအဖြစ်အပျက်များကို ကြားသိထားသည့် အတွက် သူတို့ကို မသတ်ရန် ဧလိယအား တောင်းပန်သည်။ စစ်သားများက ဧလိယကို ပိုကြောက်နေကြသည်။ ထိုအခါ ကောင်းကင်တမန်က ဧလိယအား သူတို့နှင့်အတူ လိုက်သွားရန် ပြောခဲ့သည် (၄ ရာ ၁:၁၃-၁၅)။

ကျွန်ုပ်တို့၏ရန်သူအပေါ် မီးကျစေခြင်းကို ဘုရားသခင် အလိုမရှိပါ။ သခင်ယေရှုကို လက်မခံသည့် ရှမာရိရွာကို ဧလိယကဲ့သို့ ကောင်းကင်မှမီးကျစေရန် အလိုတော်ရှိပါသလားဟု တပည့်တော်များက မေးရာ သခင်ယေရှုက “လူသား သည် လူ့အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်” ဟု ဆံုးမတော်မူသည်(လု ၉:၅၁-၅၅)။ ခေတ်ကာလ မတူတော့သော်လည်း မိမိအတွက် အသက်ပေး အသေခံခဲ့သည့် ကယ်တင်ရှင်အကြောင်းကို ဝေငှရန် အမြဲအသင့်ရှိသည့် ဧလိယ၌ ရှိသည့် ရဲရင့်ခြင်းသတ္တိမျိုး ကျွန်ုပ်တို့၌ ရှိရန် သခင်ယေရှုလိုလားသည်။ ကြည့်လိုက် လျှင် လူတစ်ယောက်က လူငါးဆယ်‌နှင့်ရင်ဆိုင်ရသလိုပေါ့။ စင်စစ် ဘုရားသခင်နှင့် လူငါးဆယ်ရင်ဆိုင်ရခြင်းဖြစ်ပါသည်။ သူတစ်ပါးကိုချစ်ရန်၊ လက်ကမ်း ကူညီရန် လိုအပ်သောရဲရင့်ခြင်းကို သခင်ပြင်ဆင်ပေးသနားသည်။ MIKE WITTMER