အမေရိကန်ပြည်ထောင်စုမှ ပြည်နယ်တစ်ခုတွင် ၃၄၀၀၀ ကျော်မျှသော အိုးအိမ်များသည် ညံဖျင်းသောအုတ်မြစ်ကြောင့် ပြိုကျပျက်စီးမည့်အန္တရာယ်နှင့် ကြုံနေသည်။ ၎င်းကိုသတိမထားမိဘဲ ဘိလပ်မြေကုမ္ပဏီသည် ကျောက်ကျင်းမှ ကျောက်တုံးကိုတူးဖော်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဘိလပ်မြေများကျိုးပဲ့ပျက်စီးကုန်သည်။ အိမ် ၆၀၀ နီးပါး၏အုတ်မြစ်များကြွေမွခဲ့ပြီး ကြာလေပျက်စီးမှုက တစ်ရှိန်ထိုးမြင့်တက်လေဖြစ်လိမ့်မည်။

ကျွန်ုပ်တို့၏အသက်တာကို မတည်မြဲသည့်မြေပေါ်၌ တည်ဆောက်ခြင်းသည် အလွန်အန္တရာယ်ရှိကြောင်းကိုရှင်းပြရန် သခင်ယေရှုက ညံ့ဖျင်းသော အုတ်မြစ်ပေါ် အိမ်ဆောက်ခြင်းပုံပမာကိုပေးခဲ့သည်။ ခိုင်မာသောကျောက်ပေါ်၌ အသက်တာကိုတည်ဆောက်သူများက ပြင်းထန်သောမုန်တိုင်းနှင့် ရင်ဆိုင်ရသည့်အခါ မပြိုလဲဘဲ တည်ရှိနေမည်။ သဲပေါ်၌ အသက်တာကို တည်ဆောက်သူများမှာမူ လေပြင်းမုန်တိုင်းတိုက်ခတ်သော် ကြီးစွာသောပြိုလဲခြင်းနှင့်ကြုံရလိမ့်မည်ဟု သခင်မိန့်တော်မူသည်(မ ၇:၂၇)။ မြဲသည့်အုတ်မြစ်ပေါ်တည်ဆောက်ခြင်းနှင့် ခနော်ခနဲ့အုတ်မြစ်ပေါ်တည်ဆောက်ခြင်းကြား ကွာခြားချက်မှာ ခရစ်တော်၏ စကားတော်ကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးလား၊ မကျင့်သုံးဘူးလားဆိုသည့် အချက်ပင်ဖြစ်သည်(:၂၆)။ သခင်၏စကားတော်ကို ကျွန်ုပ်တို့ကြား မကြား ဟူသည့်အချက်က အဓိကမဟုတ်ဘဲ၊ ကျွန်ုပ်တို့ကို သခင်တတ်စွမ်းစေသည့်အတိုင်း ကျွန်ုပ်တို့လက်တွေ့လုပ်မလုပ်က မေးစရာဖြစ်သည်။

လောကမှကျွန်ုပ်တို့ရရှိနိုင်သည့် အသိပညာများ များစွာရှိသည်။ ထို့အပြင် များစွာသောအကြံဉာဏ်‌နှင့် အထောက်အကူများသည် အများအားဖြင့် ကောင်းပြီး အကျိုးရှိပါသည်။ အကယ်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နှိမ့်ချစွာ နာခံခြင်းထက် အခြားသောအုတ်မြစ်ပေါ်၌ အသက်တာကိုတည်ဆောက်မည် ဆိုလျှင် ဒုက္ခကိုခေါ်ဖိတ်သလိုပင်ဖြစ်လိမ့်မည်။ သခင်၏ခွန်အားနှင့် ဘုရားသခင် စေခိုင်းသည့်အတိုင်း လုပ်ဆောင်ခြင်းကသာ အိမ်၊ အသက်တာကို ကျောက်ပေါ်၌ တည်ဆောက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ WINN COLLIER