သူ၏ ၁၂ ကြိမ်မြောက် ခရစ်စမတ်နေ့တွင် သူငယ်လေးသည် လက်ဆောင်များကိုဖွင့်ရန် စိတ်အားထက်သန်စွာ စောင့်နေခဲ့သည်။ သူလိုချင်သည်က စက်ဘီး အသစ်။ သို့သော် သူရရှိခဲ့သောလက်ဆောင်မှာ အဘိဓာန်စာအုပ်ဖြစ်နေ၍ သူစိတ်ပျက်ဝမ်းနည်းခဲ့သည်။ ပထမဆုံးစာမျက်နှာတွင် “ချားလ်စ်အတွက်၊ ကျောင်း၌ အကောင်းဆုံးကြိုးစားအားထုတ်နိုင်မည်ဟု မြင့်မားသောမျှော်လင့်ခြင်းနှင့် ချစ်ခြင်းများဖြင့် – မှ – ဖေဖေနှင့်မေမေ၊ ၁၉၅၈ ခုနှစ်” ဟူ၍ ရေးထားသည်။

ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ချားလ်စ်သည် ပညာရေး၌ ထူးချွန်ခဲ့သည်။ သူသည် ကောလိပ်မှဘွဲ့ရပြီး လေကြောင်းအတတ်ပညာသင်တန်းကိုလည်း ပြီးမြောက်ခဲ့သည်။ သူသည် လေယာဉ်မှူးအဖြစ် နိုင်ငံရပ်ခြား၌ သွားရောက် လုပ်ကိုင်လျက် သူ၏ပြင်းပြသည့်ဆန္ဒအတိုင်း အကူအညီလိုအပ်သူများကို ကူညီ ရင်း သူတို့အား ခရစ်တော်အကြောင်းကို မျှဝေခဲ့သည်။ လက်ဆောင်ရခဲ့ ပြီးနောက် အနှစ် ၆၀ အကြာ ယခုအချိန်တွင် သူသည် ဟောင်းနွမ်းနေပြီ ဖြစ်သောအဘိဓာန်ကို မြေးများအားပြပြီး သူ့ဇာတ်လမ်းကိုပြောပြသည်။ ၎င်းသည် သူ့မိဘက သူ့အနာဂတ်အတွက် ချစ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံထားမှု၏ပြယုဂ်ဖြစ်သည်။ သူကလည်း ဤလက်ဆောင်ကို ယခုတိုင် မြတ်နိုးတန်ဖိုးထားဆဲဖြစ်သည်။ သို့သော် ဘုရားသခင်အကြောင်းနှင့်နှုတ်ကပတ်တော်ကို သင်ကြားပေးပြီး ယုံကြည်ခြင်း အားကြီးအောင် တည်ဆောက်ပေးသည့် မိဘများ၏နေ့စဉ်ရင်းနှီးမြှုပ်နှံမှုအတွက် သူသာ၍၀မ်းမြောက်ကျေးဇူးတင်ခဲ့သည်။

တရားဟောရာကျမ်း ၁၁ တွင် အခွင့်ရတိုင်း သားသမီးကို နှုတ်ကပတ်တော် သင်ကြားပေးရန် အရေးကြီးကြောင်း ဖော်ပြထားသည်။ “ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက် ထလျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်”(:၁၉)။

ချားလ်စ် အတွက် သူငယ်ရွယ်စဉ်ကပင် သူ၌စိုက်ပျိုးခဲ့သော ထာဝရနှင့် ဆိုင်သည့်တန်ဖိုးများက ကယ်တင်ရှင်အတွက် အစေခံသောအသက်တာကို ဖြစ်စေခဲ့သည်။ ဘုရားသခင်၏မစမှုအစွမ်းဖြင့် တစ်စုံတစ်ယောက်၏ဝိညာဉ်ရေးရာကြီးထွားမှုအတွက် ကျွန်ုပ်တို့၏ရင်းနှီးမြှုပ်နှံမှုသည် မည်မျှအကျိုးရလဒ်ထွက်ပေါ်လာမည်ကို မည်သူသိနိုင်မည်နည်း။ CINDY HESS KASPER