ဟာချီ ခွေးဇာတ်လမ်း ရုပ်ရှင်တွင် ကောလိပ်ကျောင်းမှပါမောက္ခ ဆရာကြီးတစ်ဦးသည် ဟာချီအမည်ရှိ စွန့်ပစ်ခံရသည့်ခွေးလေးတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ခွေးလေးသည် နေ့စဉ်ဘူတာရုံ၌ အလုပ်မှပြန်လာသည့်ဆရာကြီးကို စောင့်ကြိုခြင်းဖြင့် ၎င်း၏သစ္စာရှိမှုကို ပြခဲ့သည်။ တစ်နေ့တွင် ဆရာကြီးသည် လေဖြတ်ပြီးကွယ်လွန်သွားသဖြင့် ပြန်ရောက်မလာနိုင်တော့ပါ။ ဟာချီသည် သူချစ်သောသခင်အား နေ့စဉ် နောက် ၁၀ နှစ်တိုင် ဘူတာရုံ၌ စောင့်နေခဲ့သည်။

ရှင်လုကာကလည်း သူ့သခင်ကို စောင့်စားသည့် ရှုမောင်အမည်ရှိ လူတစ်ဦးအကြောင်းကိုလည်း ရေးသားခဲ့သည်(လု ၂:၂၅)။ သူသည် မေရှိယကို မမြင်မီ မသေရဟု(:၂၆) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကိုရခဲ့သည်။ သို့နှင့် လူအမျိုးမျိုးတို့အတွက် ကယ်တင်ခြင်းကို ပြင်ဆင်ပေးသနားမည့်သူကို (:၃၀) ရှုမောင်စောင့်စားခဲ့သည်။ သူငယ်တော်ယေရှုနှင့်အတူ မာရိနှင့်‌ယောသပ်တို့ ဗိမာန်တော်သို့ ရောက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်က ထိုသူပင်ဖြစ်သည်ဟု ရှုမောင်အား ဖော်ပြခဲ့သည်။ စောင့်စားရသောအချိန် ပြီးဆုံးပြီ။ ရှုမောင်သည် လူသားတိုင်းအတွက် မျှော်လင့်ခြင်း၊ ကယ်တင်ခြင်း၊ နှစ်သိမ့်သက်သာခြင်း ဖြစ်တော်မူသည့် ခရစ်တော်ကို လက်နှင့် ချီပိုက်ခဲ့သည်(:၂၈-၃၂)။

စောင့်ဆိုင်းနေရသည့်အချိန်တွင် ရောက်ရှိနေသည်ဟု မိမိကိုယ်ကို တွေ့ရှိခဲ့ပါလျှင် “ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြ လိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါမမောရကြ”(ဟေရှာ ၄၀:၃၁) ဟူသည့် ပရောဖက်ဟေရှာယ၏စကားကို ဆန်းသစ်သောအသွင်ဖြင့် ကြားနာခံယူနိုင်ပါစေ။ သခင်ယေရှုပြန်ကြွလာခြင်းကိုစောင့်စားရင်း နေ့သစ်တိုင်းတွင် ကျွန်ုပ်တို့လိုအပ်သည့် မျှော်လင့်ခြင်းနှင့်ခွန်အားကို ကိုယ်တော်ပြင်ဆင်ပေးလိမ့်မည်။ Marvin Williams