တောင်ထူထပ်သည့် အမေရိကန်နိုင်ငံ၏ အအေးဆုံးပြည်နယ် အလက်စကာတွင် အလွန်အေးစိမ့်သောဆောင်းကာလ၌ ဒေသခံတစ်ဦး၏တဲ မီးလောင်သွားသဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ သူ၌စားစရာအနည်းငယ်သာကျန်တော့သည်။ အချိန်သုံးပတ် ကြာပြီးနောက် ဆီးနှင်းထဲတွင် မီးလောင်သွားသည့်တဲမှအိုးမဲများဖြင့် SOS ဟု အသက်ကယ်ရန် ပို့လိုက်သောသတင်းကို အပေါ်မှဖြတ်၍ပျံသန်းသွားသော လေယာဉ်ပျံတစ်စီးက တွေ့ပြီး လိုက်လံရှာဖွေကာ ထိုသူကို ကယ်တင်ခဲ့သည်။

ဆာလံဆရာဒါဝိဒ်သည်လည်း အမှန်ပင် ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည်။ မနာလိုစိတ်ရှိသည့် ရှောလုမင်းက သူ့ကိုသတ်ရန် လိုက်လံရှာဖွေနေသဖြင့် ဂါသမြို့သို့ သူရှောင်ပြေးစဉ် သူ့အသက်လွတ်အောင် စိတ်မနှံ့သူတစ်ဦးကဲ့သို့ ဟန်ဆောင်နေခဲ့ ရသည် (၁ ရာ ၂၁)။ ထိုအဖြစ်အပျက်မှ ထွက်ပေါ်လာသော ဆာလံ ၃၄ အရ ဒါဝိဒ်သည် ဘုရားသခင်ထံ အော်ဟစ်ဆုတောင်းပြီး ငြိမ်သက်မှုကို ရရှိခဲ့သည် (:၄၊ ၆)။ ဘုရားသခင်သည် သူ၏ တောင်းပန်သံကိုကြားပြီး သူ့အား ကူညီမစခဲ့သည်။

သင်လည်း ထိုကဲ့သို့အကျပ်အတည်းတွေ့ပြီး အကူအညီတောင်းခံဘူးပါ သလား။ ယနေ့တွင်လည်း ကျွန်ုပ်တို့၏အရေးတကြီး တောင်းဆိုမှုကို ဘုရားသခင်ကြားပြီး အမှန်ပင် အဖြေပေးမည်ဟု ယုံကြည်စိတ်ချလိုက်ပါ။ ဒါဝိဒ်အသံကို ကြားသကဲ့သို့ပင် ကျွန်ုပ်တို့၏ပူပန်စွာတောင်းလျှောက်သံကို ဘုရားရှင်ကြားပြီး ကျွန်ုပ်တို့၏ကြောက်စိတ်ကို ဖယ်ရှားပေးသည်သာမက(:၄) တစ်ခါတစ်ရံ ကျွန်ုပ်တို့အား “ခပ်သိမ်းသောဆင်းရဲခြင်း”ထဲမှပင် ကယ်တင်ပါသေးသည် (:၆)။

နှုတ်ကပတ်တော်က “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထား လော့။ သင့်ကို မစတော်မူမည်”(ဆာလံ ၅၅:၂၂)ဟု ကျွန်ုပ်တို့အား ဖိတ်ခေါ် နေသည်။ ကျွန်ုပ်တို့၏အခက်အခဲများကို ဘုရားသခင်ထံ အပ်နှံပါက ကိုယ်တော်သည် ကျွန်ုပ်တို့လိုအပ်သောအကူအညီကို ပေးမည်ဟု စိတ်ချနိုင်ပါ သည်။ ကူညီမစရန်တတ်နိုင်သည့် ကိုယ်တော်၏လက်တော်၌ ကျွန်ုပ်တို့လုံခြုံနေပါ၏။ ALYSON KIEDA