ကျွန်မတို့အပြင်ထွက်လည်စဉ် ငယ်စဉ်ကပင် ကျွန်မခင်ပွန်း၏မိသားစုဝင်များကိုသိသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမသည် အယ်လင်နှင့် သားလေး ဇေဗီယာကို အပြန်အလှန် သေချာစွာစိုက်ကြည့်ပြီး “သူ့အဖေနဲ့ တစ်ထေရာတည်း၊ ပုံသဏ္ဌာန်တူတယ်”ဟု မှတ်ချက်ပေးသည်။ “သူ့မျက်လုံး၊ သူ့အပြုံးက သူ့အဖေနဲ့ တစ်ပုံတည်းပဲ”ဟု ပြောသည်။ အဖေနှင့်သား တစ်ယောက်နှင့်တစ်ယောက် အလွန်တူရုံမက အကျင့်ကအစ တူနေသည်ကို သတိပြုမိသဖြင့် သူသဘောကျ နေသည်။ သားအဖနှစ်ဉီးက နေရာတော်တော်များများတွင် တူညီသည့်တိုင် သားသည် သူ့အဖေနှင့် လုံးဝဥဿုံတော့ မတူညီပါ။

တစ်ပါးတည်းသောသားတော် သခင်ယေရှုသည် ခမည်းတော်နှင့် လုံးဝဥဿုံ ပုံသဏ္ဌာန်တူပါသည်။ သားတော်ခရစ်တော်သည် “မျက်မြင်မရသော ဘုရား၏ သဏ္ဌာန်တော်ဖြစ်ပြီး ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦး ဖြစ်တော်မူ၏”(ကော ၁:၁၅)။ “ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏” (:၁၆)။ “သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏” (:၁၇)။

ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့်ကျမ်းစာဖတ်ခြင်းအမှု၌ အချိန်ပေးပြီး လူ့ဇာတိခံသည့်ဘုရားဖြစ်သည့် သခင်ယေရှုကို အာရုံပြုခြင်းအားဖြင့် ဘုရား သခင်၏ထူးခြားသောသဘောလက္ခဏာကို လေ့လာသိရှိနိုင်သည်။ ကျွန်ုပ်တို့၏ နေ့စဉ်အသက်ရှင်မှုတွင် ကိုယ်တော်မည်သို့စောင်မသည်၊ သမ္မာကျမ်းစာထဲမှ ကိုယ်တော်နှင့်အခြားသူများအကြား အပြန်အလှန်မည်သို့ဆက်ဆံသည်ကို လေ့လာပြီး လက်တွေ့ကျသောသူ၏မေတ္တာတော်ကို သိမြင်ရန် ဘုရားသခင် ကျွန်ုပ်တို့အား ခေါ်ဖိတ်လျက်ရှိသည်။ သခင်ခရစ်တော်ထံ အသက်တာကိုအပ်နှံပြီး သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကိုခံယူပြီးနောက်တွင် ချစ်လှစွာသော အဘဘုရားအား တိုး၍သိကျွမ်းလာမည်၊ တိုး၍ ကိုးစားတတ်လာမည်ဖြစ်သည်။ သူ၏စရိုက်သဘောကို ထင်ဟပ်စေလျက် ဘုရားရှင်အတွက် အသက်ရှင်နိုင်အောင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပြုပြင်ပြောင်းလဲပေးသည်။

ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်တူသည်ဟု အခြားသူများပြောလာပါက အလွန်ဝမ်းမြောက်စရာဖြစ်လိမ့်မည်။ XOCHITL DIXON