ကောလိပ်တက်စဉ်က ကျွန်ုပ်သည် ဗင်နီဇွဲလားနိုင်ငံ၌ ပျော်ရွှင်ဖွယ်နွေရာသီကို ဖြတ်သန်းခဲ့ရသည်။ အစားအသောက်များက အံ့မခမ်း၊ လူတို့ကလည်း ဖော်ရွေပြီး ဧည့်ဝတ်ကျေသည်။ ရာသီဉတုသာယာသည်။ သို့သော် တစ်ရက်နှစ်ရက်အတွင်းတွင် ကျွန်ုပ်၏အချိန်စီမံခန့်ခွဲမှုသည် ထိုဒေသမှမိတ်ဆွေသစ်များနှင့်မတူညီကြောင်း လက်ခံခဲ့ရသည်။ နေ့လည်စာစားချိန်ဟု စီစဉ်လိုက်လျှင် ၁၂ နာရီနှင့် ၁ နာရီ ကြားဟူသည့်သဘော။ ခရီးသွားခြင်း၊ အစည်းအဝေးကျင်းပခြင်း၌လည်း ထိုနည်းအတိုင်းပင်။ အချိန်သတ်မှတ်ခြင်းက ခန့်မှန်းခြေမျှသာဖြစ်ပြီး အတိအကျ မသတ်မှတ်နိုင်ပါ။ ကျွန်ုပ်၏အချိန်မှန်ခြင်းသဘောသည် ယဉ်ကျေးမှုထုံးစံများ၏ပျိုးထောင်မှု၌ ဖြစ်တည်လာကြောင်း သဘောပေါက်ခဲ့ရသည်။

ကျွန်ုပ်တို့အားလုံးသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏စံတန်ဖိုးထားမှုဖြင့် ပုံသွင်းခံရသည်။ ၎င်းကို များသောအားဖြင့် ကျွန်ုပ်တို့သတိမပြုမိတတ်ပါ။ ဤယဉ်ကျေးမှုများကို ရှင်ပေါလုက “လောကီပုံသဏ္ဌာန်” ဟု ခေါ်ဆိုသည် (ရောမ ၁၂:၂)။ ဤနေရာ၌ လောကကမ္ဘာမြေကို မဆိုလိုပါ။ ကျွန်ုပ်တို့၏တည်ရှိမှုသို့ ပျံ့နှံ့စိမ့်ဝင်လာသည့် တွေးခေါ်ဆင်ခြင်ပုံနည်းလမ်းများကို ဆိုလိုပါသည်။ ကျွန်ုပ်တို့ ရှင်သန်နေထိုင်သည့်နေရာဒေသနှင့် ခေတ်အလိုက် ကျွန်ုပ်တို့ထံ လက်ဆင့်ကမ်းလာသည့် ဘဝအတွက် ဉီးဆောင်စံညွှန်းစံချိန်များနှင့် ယုံမှားဖွယ်မရှိသည့် ယူဆချက်များကို ဆိုလိုပါသည်။

ရှင်ပေါလုက ကျွန်ုပ်တို့အား နိုးကြားသတိရှိပြီး “လောကီပုံသဏ္ဌာန် မဆောင်ကြ”ရန် သတိပေးသည်။ ထို့အစား ကျွန်ုပ်တို့သည် “စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲ”ကြရန်ဖြစ်သည် (:၂)။ ကျွန်ုပ်တို့ကို လွှမ်းခြုံနေသည့် လောကီအတွေးများကို ခံယူယုံကြည်ခြင်းထက် ဘုရားသခင်၏အလိုတော်လမ်း၌ ရှင်သန်လိုက်လျှောက်ရန် “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာ”(:၂)တည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်ယူရန် ဘုရားသခင်ကို ကျွန်ုပ်တို့ကို ခေါ်ယူသည်။ အခြားအသံများထက် ဘုရားသခင်၏နောက်တော်လိုက်ရန် သင်ယူနိုင်ကြပါစေ။ WINN COLLIER