၁၇ နှစ်ရာစုနှောင်းပိုင်းက William of Orange (ဥရောပ ဘုရင်တစ်ပါး)သည် နိုင်ငံပိုင်မြေများကို တမင်ရေလွှမ်းမိုးပစ်ခဲ့သည်။ စပိန်တို့၏ကျူးကျော်မှုကို တွန်းလှန်ရန် ကြိုးစားသည့်အနေဖြင့် ဒတ်ချ်ဧကရာဇ်သည် မတတ်နိုင်သည့်အဆုံး အလွန်များပြားသည့် မြေဧရိယာကို ထိုသို့နှစ်မြှုပ်ပစ်ခြင်းဖြစ်သည်။ သို့သော် မအောင်မြင်ဘဲ အကောင်းဆုံးသော လယ်ယာမြေများ ပင်လယ်ထဲနစ်မြှုပ်ကုန်သည်။ “အန္တရာယ်ရှိတဲ့အချိန်မှာ ဒီနည်းလမ်းက အကောင်းဆုံးပဲပေါ့ ”ဟု ၎င်းတို့ပြောခဲ့သည်။

ပရောဖက်ဟေရှာယ၏ခေတ်ကလည်း အာရှုရိတပ်များက ခြိမ်းခြောက်လာသည့်အခါ ယေရုရှလင်မြို့သည် ကယ်ရာမဲ့အခြေအနေသို့ ရောက်ခဲ့သည်။ ရန်သူအဝိုင်းခံရချိန်၌ ခံရပ်နိုင်ရန် ရေသိုလှောင်သည့်စနစ်ကို တီထွင်လျက် အိမ်များကိုဖြိုဖျက်ပြီး မြို့ရိုးတစ်ထပ်ဆောက်ကြသည်။ ထိုဗျူဟာက လိမ္မာသော အကြံဖြစ်ကောင်းဖြစ်မည်။ သို့သော် အရေးကြီးဆုံးသောအဆင့်ကို သူတို့ လျစ်လျူရှုခဲ့သည်။ “ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာကိုလည်း မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင် ဤအမှုကို စီရင်တော်မူသောသူကို သင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူသောသူကို ပမာဏမပြုတတ်ကြ”(ဟေရှာ ၂၂:၁၁)ဟု ထာဝရဘုရားမိန့်တော်မူသည်။

ယနေ့တွင် ကျွန်ုပ်တို့၏အိမ်အပြင်၌ ရန်သူတကယ်ဝိုင်းနေမည်မဟုတ်ပါ။ “ဖျက်လိုဖျက်ဆီးမှုက ရိုးရိုးရှင်းရှင်းလေး ရောက်လာတတ်ပါတယ်” ဟု ဆရာကြီး အော့စ်ဝဲလ် ချိန်းဘာစ်က ဆိုသည်။ သို့သော် ဖျက်လိုဖျက်ဆီးမှုများ၏ ခြိမ်းခြောက်မှုက တကယ့်ကြောက်စရာဖြစ်သည်။ သည့်တိုင် ဖျက်လိုဖျက်ဆီးမှုနှင့်အတူ ကျွန်ုပ်တို့လိုအပ်သောအရာအတွက် သူ့ကို ဉီးစွာပထမ ကိုးစားရန် ဘုရားရှင်၏ ဖိတ်ခေါ်ချက်လည်းပါရှိသဖြင့် ကျေးဇူးတင်စရာပင်။

ဘဝလောကဓံ၏ထိပါးနှောင့်ယှက်မှုများ ဝင်ရောက်လာသောအခါ ၎င်းကို ဘုရားထံ ဉီးလှည့်ရန် အခွင့်အရေးအဖြစ် ကျွန်ုပ်တို့ ရှုမြင်ကြပါစို့လား။ သို့မဟုတ် မိမိ၏ကိုယ်ပိုင်ကယ်ရာမဲ့နည်းလမ်းကို ရှာဖွေကြမည်လား။ TIM GUSTAFSON