ဆရာကြီးစီအက်စ်လူးဝစ်ရေးသားသည့် “Mere Christianity” (ခရစ်ယာန် ဘာသာမျှသာ) ဟူသည့် စာအုပ် ၌ မိမိသည် မာန်တက်သူဟုတ်မဟုတ် မေးခွန်းများမေး၍ မိမိကိုယ်ကိုစစ်ကြောရန် အကြံပြုသည်။ “အခြားသူက မိမိကို အဖက်မတန်သကဲ့သို့ဆက်ဆံလျှင်၊ မိမိကို သတိမပြုမိလျှင်၊ ကိုယ့်ထက်သာသည့်အချိုးဖြင့် ဆက်ဆံလျှင်၊ အမြင်ကပ်စရာပုံစံဖြင့် လာအစွမ်းပြကြွားဝါလျှင် … မိမိသည် မည်မျှ မနှစ်မြို့သဘောမကျ ဖြစ်တတ်သနည်း။” ဆရာကြီး လူးဝစ်က မာန်မာနထောင်လွှားခြင်းသည် အဆိုးဆုံးသောမကောင်းဆိုးဝါးကို ဂျိုတပ်ပေးခြင်း၊ အိမ်ထောင်နှင့်နိုင်ငံကို ဆိုးရွားပျက်စီးစေသော အဓိကအကြောင်းအရင်းအဖြစ်ရှုမြင်သည်။ ၎င်းသည် မေတ္တာ၊ ရောင့်ရဲခြင်းနှင့် သာမန်အသိစိတ်တို့ကို လှိုက်စားပစ်သည့် ‘ဝိညာဉ်ရေးကင်ဆာ’ ဟု ဆရာကြီးက ကင်ပွန်းတပ်သည်။

ခေတ်အဆက်ဆက်တွင် မာနထောင်လွှားခြင်းသည် ပြဿနာဖြစ်သည်။ အင်အားကြီးသော တုရုမြို့၏ထောင်လွှားမှုကို ပရောဖက်ယေဇကျေလအားဖြင့် မြို့ခေါင်းဆောင်များအား ဘုရားရှင်သတိပေးခဲ့သည်။ တုရုမင်း၏ မာန်မာနသည် သူ့ကို ကျဆုံးစေမည်။ “သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သောကြောင့် ကြောက်မက်ဖွယ်သော တစ်ကျွန်းတစ်နိုင်ငံသားတို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်… သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်ကြောင်း” သိရမည်ဟု မိန့်ကြားခဲ့သည် (ယေဇ ၂၈:၆-၇၊ ၉)။

ထောင်လွှားခြင်း၏ဆန့်ကျင်ဘက်မှာ နှိမ့်ချခြင်းဖြစ်ပြီး၊ ၎င်းကို ဘုရားသခင်အား သိကျွမ်းခြင်းအားဖြင့် ရရှိနိုင်သည့် စင်ကြယ်သောအကျင့်သီလဟု ဆရာကြီး လူးဝစ်က ခေါ်ဆိုသည်။ ဘုရားသခင်နှင့် အဆက်မပြတ်ထိတွေ့နေသောအခါကျွန်ုပ်တို့သည် ယခင်က မိမိကို ဂနာမငြိမ်၊ မပျော်ရွှင်စေသော၊ မိမိ၏ဂုဏ်သိက္ခာနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်မရှိ ကလေးကလား ခံစားချက်များကို ဖယ်ရှားနိုင်၍ စိတ်သက်သာရပြီး “ဝမ်းမြောက်စွာနှင့် နှိမ့်ချလာနိုင်သည်” ဟုရေးသားခဲ့သည်။

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လေ၊ ကိုယ်တော်ကို တိုး၍သိကျွမ်းလာလေဖြစ်ပြီး၊ ရှေ့တော်မှောက်၌ ကျွန်ုပ်တို့သာ၍ နှိမ့်ချနိုင်ပါမည်။ ကိုယ်တော့်ကိုချစ်လျက် ဝမ်းမြောက်ခြင်း၊ နှိမ့်ချခြင်းဖြင့် အစေခံနိုင်သူများဖြစ်ပါစေသား။ AMY BOUCHER PYE