ကျွန်ုပ်တို့၏အကြီးမားဆုံးကျရှုံးမှုဖြစ်နေသောအခိုက်အတန့်များတွင် ကျွန်ုပ်တို့သည် အသက်တာ၏ရည်ရွယ်ချက်နှင့်တန်ဖိုးများအတွက် အခွင့်အရေးများကို ဆုံးရှုံးလိုက်ရပြီ၊ မိမိအတွက် သိပ်ကိုနောက်ကျသွားပြီဟု လွယ်လင့်တကူ လက်ခံမိတတ်ကြသည်။ လုံခြုံရေးအမြင့်ဆုံးထားရှိသော နယူးယော့အကျဉ်းထောင်၌ ကျခဲ့ဖူးသည့် အလိုင်းယက်စ် က “အလားအလာကောင်းတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် အနာဂတ်၊ တစ်စုံတစ်ဦးဖြစ်လာနိုင်တဲ့ ကိုယ့်အခြေအနေကို ကျွန်တော်ကိုယ်တိုင်ရိုက်ချိုးဖျက်ဆီးခဲ့မိတယ်”ဟု အကျဉ်းသားတစ်ဦး၏ ခံစားမှုကို ဖော်ပြခဲ့သည်။

ဘာ့ဒ်ကောလိပ်မှ “အကျဉ်းထောင် ပဏာမခြေလှမ်း” ဆိုသော ကောလိပ်ဒီဂရီ အစီအစဉ်သည် အလိုင်းယက်စ်၏အသက်တာကို စတင်ပြောင်းလဲပေးခဲ့သည်။ ထိုအစီအစဉ်ကို တက်ရောက်ခဲ့စဉ် သူသည် ၂၀၁၅ခုနှစ် စကားရည်လုပွဲတွင် ပါဝင်ခဲ့ပြီး သူတို့အဖွဲ့မှ ဟားဗတ် တက္ကသိုလ်အဖွဲ့ကို အနိုင်ရခဲ့သည်။ အလိုင်းယက်စ် အတွက် အသင်းအဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ရှိနေခြင်းက သူ့ဘဝ၏ အလားအလာကောင်းများ လုံးဝဆိတ်သုန်းပျောက်ကွယ်သွားပြီမဟုတ်ကြောင်းကို သက်သေပြနေသောနည်းလမ်းတစ်ခုပင်ဖြစ်သည်။

သခင်ယေရှု၌ရှိသော ဘုရားရှင်၏မေတ္တာတော်သတင်းကောင်းသည် မိမိအတွက်လည်း သတင်းကောင်းဖြစ်ကြောင်းကို စတင်နားလည်လာချိန်တွင် အလားတူ ပြောင်းလဲခြင်းမျိုးသည် ကျွန်ုပ်တို့၏နှလုံးသားတွင် ဖြစ်လာပါသည်။ အချိန်မနှောင်းသေး၊ ဘုရားရှင်ထံ၌ ကျွန်ုပ်တို့အတွက် အနာဂတ် ရှိသေးကြောင်းကို အံ့သြမှုဖြင့် စတင်သိနားလည်လာလိမ့်မည်။

ထိုအနာဂတ်ကို ကြိုးစားမှုဖြင့် မရယူနိုင်သလို၊ အမှား၊ အပြစ်များကြောင့်လည်း မဆုံးရှုံးနိုင်ပါ။ ၎င်းသည် ဘုရားသခင်၏ကြီးမားသော ကရုဏာတော်နှင့် တန်ခိုးတော်၌သာ မူတည်သည် (၂ ပေ ၁:၂-၃)။ ထိုအနာဂတ်သည် ဤလောကနှင့် စိတ်နှလုံး၏ မျှော်လင့်ချက်မဲ့ စိတ်ပျက်စရာများမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေပြီး ဘုရားရှင်၏ဘုန်းတန်ခိုးနှင့် ကောင်းမြတ်ခြင်းဖြင့်ပြည့်သော အနာဂတ်ဖြစ်သည်။ ကြံ၍မမီနိုင်သော ခရစ်တော်၏ကတိတော်များ၌ လုံခြုံစိတ်ချရသောအနာဂတ် (:၄)၊ “ထူးမြတ်သောလွှတ်ခြင်းချမ်းသာ”သို့ ဘုရားသားသမီးများ ပြောင်းလဲဝင်စားရမည့် အနာဂတ်ပေတည်း (ရော ၈:၂၁)။ MONICA LA ROSE