ကျမ်းတတ်ဓမ္မပညာရှင် ဘရုစ်ဝဲသည် သူငယ်စဥ်က ၁ ပေ ၂:၂၁-၂၃ ၌ သခင် ယေရှုနှင့်တူရန် မိန့်မှာချက်နှင့်ပတ်သက်ပြီး စိတ်ကသိကအောက်ဖြစ်ခဲ့ပြီး ထိုအကြောင်းကို The Man Christ Jesus (လူသားခရစ်တော်ယေရှု) ဟူသည့် စာအုပ်၌ “ဒါကို မတရားဘူးလို့ ကျွန်တော်သတ်မှတ်တယ်။ အထူးသဖြင့် ‘ဒုစရိုက်ကို မပြု’သူတစ်ဉီးရဲ့ ခြေတော်ရာအတိုင်း လိုက်လျှောက်ဖို့ ပြောထားလို့လေ။ ဒါဟာ လုံးဝကို လက်တွေ့မဆန်ဘူး။ ဒါကို လေးလေးနက်နက်ခံယူဖို့ ဘုရားသခင်က တကယ်ပဲရည်ရွယ်တာကို ဘယ်လို့မှစဉ်းစားလို့မရဘူး” ရေးသားခဲ့သည်။

ဆရာကြီး ဘရုစ်ဝဲ သည် ဤနှုတ်ကပတ်တော်၏စိန်ခေါ်မှုကို လန့်စရာအဖြစ် မြင်ခြင်းကို ကျွန်တော်နားလည်ပါသည်။ “… ယေရှုနှင့်တူရန်၊ သူနှင့်တူရန် အလို့ငှာ ကျွန်ုပ်တောင့်တပါ၏”ဟု သီချင်းတစ်ပုဒ်တွင် ပြောထားသည်။ ဆရာကြီး မှန်ကန်စွာဖြင့် သတိပြုမိသကဲ့သို့ သခင်ယေရှုနှင့်တူအောင် ကျွန်ုပ်တို့ လုပ်နိုင်စွမ်းမရှိ။ မိမိဘာသာ ကြိုးစားလုပ်လည်း သခင်ယေရှုကဲ့သို့ ဘယ်သောအခါမှ ဖြစ်မလာနိုင်ပါ။

သို့သော် ကျွန်ုပ်တို့တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ်လုပ်ရန် သခင်အလိုမရှိပါ။ ဘုရားသားသမီးတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးအပ်ထား ပေရာ၊ တစ်နည်းအားဖြင့် ကျွန်ုပ်တို့အထဲ၌ ခရစ်တော် တည်နိုင်ပြီဖြစ်သည် (ဂလာ ၄:၁၉)။ ထို့ကြောင့် ဝိညာဉ်တော်အကြောင်း ရှင်ပေါလု၏ရေးသားချက်က အံ့သြစရာမဟုတ်တော့ပါ။ “ဘုရားသခင်သည် ရှေ့မဆွက သိတော်မူသောသူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်း ဖြစ်စေခြင်းငှာ ရှေ့မဆွက ခွဲခန့် မှတ်သားတော်မူ၏”(ရော ၈:၂၉)။ ကျွန်ုပ်တို့အတွင်း သူ၏အကြံအစည်တော် ပြီးပြည့်စုံခြင်းကို ဘုရားသခင် မြင်သည်။ ၎င်းကို ကျွန်ုပ်တို့အတွင်း၌ကိန်းဝပ်သော သခင်ယေရှု၏ ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့အတွင်း ဝိညာဉ်တော်၏လုပ်ဆောင်မှုကို ဝန်ခံနာခံသောအခါ ကျွန်ုပ်တို့ သခင်ယေရှုနှင့် အမှန်တကယ် တူလာကြမည်ဖြစ်သည်။ ကျွန်ုပ်တို့အပေါ်ထားရှိသော ဘုရားရှင်၏ကြီးမြတ်သောဆန္ဒကို သိရခြင်းကား အလွန်နှစ်သိမ့်သက်သာရာပေတည်း။ BILL CROWDER