ကျွန်မတို့ဇနီးမောင်နှံသည် နိုင်ငံခြားသို့ပြောင်းရွှေ့နေထိုင်ရန်ပြင်ဆင်ရင်း အရွယ်ရောက်ပြီးသောသားများနှင့် အဆက်အသွယ်အမြဲရှိရေးကို သေချာအောင် လုပ်ချင်ခဲ့သည်။ သို့နှင့် ထူးခြားသောလက်ဆောင်အဖြစ် ကြိုးမဲ့ အင်တာနက်ဖြင့် ချိတ်ဆက်ထားသော အဝေးမှအဖွင့်အပိတ်လုပ်နိုင်သော ခင်မင်မှုမီးအိမ်ကို တွေ့ခဲ့သည်။ သားတို့အား ထိုမီးအိမ်ကိုပေးရင်း မီးအိမ်ကို ကျွန်မဖွင့်လိုက်သည်နှင့် သူတို့မီးအိမ်ပါပွင့်သွားကာ ကျွန်မ၏မေတ္တာနှင့် အစဉ်ဆုတောင်းပေးမှုကို သတိရစေရန် ရည်ရွယ်ကြောင်းကို ရှင်းပြသည်။ ကျွန်မတို့ မည်မျှဝေးကွာနေပါစေ သူတို့ မီးအိမ်၏ခလုတ်တစ်ချက်သည် ကျွန်မတို့တွင်ရှိသောမီးအိမ်လေးကို လင်းစေပါသည်။ လူကိုယ်တိုင် ဆက်သွယ်မှုကို မည်သည့်အရာကမှ အစားထိုးနိုင်မည် မဟုတ်သော်လည်း မီးအိမ်လေးကို ဖွင့်လိုက်တိုင်း မိမိကိုချစ်သူ၊ ဆုတောင်းပေးနေသူရှိကြောင်းကို သိရခြင်းက အားတက်စရာပင်ဖြစ်သည်။

ဘုရားရှင်၏သားသမီးအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် အလင်းကိုဝေမျှနိုင်သောအခွင့်အရေး ရရှိကြသည်။ ကျွန်မတို့သည် ဘုရားရှင်၏ ထာဝရမျှော်လင့်ခြင်းနှင့် အကြွင်းမဲ့မေတ္တာတော်ကို ထွန်းလင်းပြသော မီးပြတိုက်ပမာ အသက်ရှင်ရန် ဖန်ဆင်းခြင်းခံကြရသည်။ ဧဝံဂလိတရားကိုဝေမျှလျက် ယေရှုနာမအားဖြင့် အခြားသူများကို အစေခံသောအခါ ကျွန်မတို့သည် တောက်ပလင်းလက်နေသောမီးမောင်း၊ အသက်ရှင်သောပုံသက်သေ ဖြစ်လာပါသည်။ ကောင်းမှုတစ်ခုစီတိုင်း၊ ကြင်နာသောအပြုံးတိုင်း၊ နူးညံ့သော အားပေးစကားတိုင်း၊ စိတ်နှလုံးပါလျက် ဆုတောင်းချက်တိုင်းသည် ဘုရားသခင်၏ သစ္စာတော်နှင့် အသက်တာကို ပြောင်းလဲပေးနိုင်သော အကြွင်းမဲ့မေတ္တာတော်အား သတိရစေသောအလင်းတန်းများကို ထုတ်လွှတ်ပေးပါသည် (မ ၅:၁၄-၁၆)။

မည်သည့်အရပ်သို့ ဘုရားရှင်ဦးဆောင်လမ်းပြနေပါစေ၊ မည်သည့်ပုံစံဖြင့် အစေခံနေရပါစေ၊ အခြားသူများ ဘုရားရှင်၏အလင်းကို ထွန်းလင်းနိုင်အောင်မစရန် ကျွန်မတို့အား ဘုရားရှင်အသုံးပြုနိုင်သည်။ ဘုရားရှင်သည် ဝိညာဉ်တော်အားဖြင့် စစ်မှန်သောအလင်းကိုပေးပြီး သူ၏မျက်မှောက်တော်အလင်းနှင့် မေတ္တာတော်ကို ကျွန်မတို့က ရောင်ပြန်ထင်ဟပ်ပြနိုင်ပါသည်။ XOCHITL DIXON