The Economist’s 1843 စီးပွားရေးမဂ္ဂဇင်းတွင် မဂ္ဂီဖာဂူဆန်က “အိမ်ခြေယာမဲ့ဖြစ်ခြင်း၊ဆာငတ်မွတ်သိပ်ခြင်း၊ ရောဂါဘယများထက် ပိုနာကျင်ရသည်၊ ပိုခံစားရသည်” ဟုရေးခဲ့သည်။ အထီးကျန်အဖော်မဲ့ခြင်းကို သူရည်ညွှန်းဆိုခြင်းဖြစ်သည်။ လူတစ်ဦး၏လူမှုအဆင့်အတန်းနှင့် စီးပွားရေးအခြေအနေပေါ် မူမတည်ဘဲ လူသားတို့၌ အထီးကျန်ဖြစ်မှုရာခိုင်နှုန်း မြင့်တက်လာခြင်းကို ကြေကွဲဝမ်းနည်းဖွယ် ဥပမာများဖြင့် အထီးကျန်ခံစားမှုကို ဖာဂူဆန် မှတ်တမ်းတင်ခဲ့သည်။

အထီးကျန်ခြင်းဝေဒနာသည် ယနေ့ခေတ်၌ အသစ်အဆန်းတစ်ခု မဟုတ်ပေ။ တစ်ကိုယ်တည်းဖြစ်ခြင်း၏ဝေဒနာကို ရှေးစာအုပ်ဖြစ်သော ဒေသနာကျမ်း၏ စာမျက်နှာများပေါ်တွင် ထပ်ဟပ်ရေးဖွဲ့ထားသည်။ ရှောလမုန်မင်းရေးသည်ဟုဆိုကြသည့် ထိုကျမ်းတွင် အဓိပ္ပာယ်ရှိသည့်ဆက်ဆံရေးမျိုးကို လိုအပ်နေသူများ၏ ဝမ်းနည်းခြင်းသောကအကြောင်းကို အမိအရဖော်ကျူးထားသည်(၄: ၇-၈)။ ဒေသနာဆရာက အံ့မခမ်းနိုင်သော စည်စိမ်းချမ်းသာကို ကြိုးစားအားထုတ်ပြီး ရှာဖွေနိုင်သော်လည်း ထိုစည်းစိမ်ကိုဝေမျှခံစားမည့်သူ မည်သူတစ်ဦး တစ်ယောက်မျှ မရှိပါက အနတ္တသာဖြစ်ကြောင်းဆိုထားသည့် ညည်းညူခြင်းဖြစ်ပါသည်။

စာဆိုသည် အဖော်အသင်းရှိခြင်း၏တင့်တယ်မှုအလှကို အသိအမှတ်ပြုလျက် မိမိဘာသာကြိုးစားပြီး စွမ်းဆောင်နိုင်သည်ထက် ပို၍အောင်မြင်မှုကို ပိုင်ဆိုင်ရရှိအောင် မိတ်ကောင်းဆွေကောင်းများက ကူညီဖေးမပေးသည်(:၉)၊ အဖော်ကောင်းသည် လိုအပ်သောအချိန်တွင် ကူညီဖေးမသည်(:၁၀)၊ သက်သာနှစ်သိမ့်မှုကိုပေးသည်(:၁၁)၊ မိတ်ဆွေများသည် ခက်ခဲသောအခြေအနေများတွင် ကာကွယ်စောင့်ရှောက်ပေးသည်(:၁၂) ဟု ရေးသားခဲ့သည်။

အထီးကျန်ခြင်းသည် ကြီးမားသောရုန်းကန်မှုတစ်ခုဖြစ်သည်။ ဘုရားရှင်သည် အပေါင်းအသင်း၏အကျိုး၊ ပတ်ဝန်းကျင်၏ကောင်းကျိုးများကို ကမ်းလှမ်းပေးရန်၊ ရယူရန် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည်။ အဖော်မဲ့နေသည်ဟု သင်ခံစားရပါက အခြားသူများနှင့် အဓိပ္ပာယ်ရှိသော ရင်းနှီးဆက်သွယ်မှုရှိလာစေရန် ဘုရားရှင် မစပါမည့်အကြောင်း ဆုတောင်းပါ။ ယနေ့တွင် သခင်ယေရှု၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူ အစဉ်ရှိခြင်းကြောင့် ယုံကြည်သူသည် ဘယ်သောအခါမျှ အထီးမကျန်ကြောင်း အမှန်တရား၌ ခွန်အားယူကြပါစို့ (မ၂၈:၂၀)။LISA M. SAMRA