​လက်သမားဆရာကြီး စင်းဂါးမင်း တစ်ယောက် ပျဉ်ချပ်များရိုက်နေသည်ကိုကြည့်ရင်း “ဆရာ ဘာလို့ငိုနေတာလဲဗျာ” ဟု ၁၂ နှစ်အရွယ် အဲလ်ဘတ်လေး မေးလိုက် သည်။ “ငါငိုတယ်။ ဘာလို့လဲဆိုတော့ ငါ့အဖေလည်း ငိုတယ်။ ပြီးတော့ ငါ့အဖိုးလည်း ငိုတယ်”ဟု လက်သမားဆရာက သူ့အလုပ်သင် လူငယ်လေး၏ အမေးကို ဖြေလိုက်သည်။ ၎င်းသည် Little House on the Prairie ရုပ်သံ ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်းဖြစ်သည်။ ပြီးမှ “ခေါင်းတလား ရိုက်နေတာမို့ မျက်ရည်ကျတာပေါ့ကွယ်”ဟု ရှင်းပြလိုက်သည်။

“ငိုတယ်ဆိုတာ အားနည်းချက်လက္ခဏာလို့အထင်ခံရမှာစိုးလို့ ယောက်ျား တစ်ချို့က မငိုကြဘူး။ ငါကတော့ ယောက်ျားဆိုတာ လူပဲမို့လို့ ငိုလို့ရတယ်လို့ သိခဲ့သင်ယူခဲ့ရတယ်” ဟု ဆက်ပြောခဲ့သည်။

ကြက်မကြီးက ကြက်ကလေးများကို စောင့်ထိန်းပုံနှင့် ယေရုရှလင်မြို့အတွက် သူ၏ဝန်တာထားသည့်စိတ်ကို နှိုင်းယှဉ်ခဲ့စဉ် စိတ်ခံစားချက်ကြောင့် သခင်ယေရှုမျက်ရည်ဝဲခဲ့ပေမည်(မ ၂၃:၃၇)။ တပည့်တော်များက သခင်၏မျက်လုံး၌၊ သခင်မိန့်ကြားသည့်အကြောင်းအရာများ၌ သူတို့မြင်ရကြားရသည့် အရာများနှင့်ပတ်သက်ပြီး မကြာခဏဆိုသလို သူတို့ နားမလည်နိုင်ဖြစ်ရသည်။ကိုယ်တော်၏စိတ်ခိုင်မာခြင်းသဘောအဓိပ္ပာယ်က သူတို့နှင့်မတူပါ။ တစ်ဖန် ဗိမာန်တော်သို့ သူတို့အတူသွားကြစဉ်တွင် သူတို့ဝတ်ပြုကိုးကွယ်ရာနေရာကိုကျောက်တုံးကြီးများဖြင့် အံမခမ်းတည်ဆောက်ခဲ့သည့် လူသားတို့၏ပြီးမြောက် စွမ်းဆောင်နိုင်မှုစွမ်းအားကို တပည့်တော်တို့ အသိအမှတ်ပြုကြစဉ် (၂၄:၁) သခင်က အေဒီ ၇၀ တွင် ပြိုပျက်သွားမည့် ဗိမာန်တော်ကို မြင်ခဲ့သည်။

ကျမ်းမာကြံ့ခိုင်သူများသည် မည်သည့်အချိန်၌ မည်သည့်အတွက်ကြောင့် ငိုရမည်ကို သိသည်ဟု သခင်ခရစ်တော်ပြသခဲ့သည်။ မည်သည့်အရာက ဘုရားရှင်၏ နှလုံးသားအား နာကျင်ကြေကွဲစေသည်ကို မသိသည့် သားသမီးများအတွက် ခမည်းတော်စိတ်ပူပြီး ဝိညာဉ်တော်ကလည်း ညည်းတွားလျက်ရှိသောကြောင့် ခရစ်တော်ငိုရခြင်းဖြစ်သည်။ Mart Dehaan